Friday, July 1, 2016

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား သီးခြားစီသွားရောက်တွေ့ဆုံ


နေပြည်တော် ဇွန် ၃ဝ
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီသည် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား သီးခြားစီ သွားရောက် တွေ့ဆုံခဲ့သည်။

မစ္စယန်ဟီလီသည် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ ဦးဆောင်မှုအောက်တွင် တပ်မတော်၏ တာဝန်ထမ်းဆောင်မှု၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစုပင်လုံ) ကျင်းပနိုင်ရေးအတွက် တပ်မတော်က ပါဝင်ပူးပေါင်းဆောင်ရွက်နေမှု၊ တပ်မတော်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိစေရေးအတွက် ဥပဒေနှင့်အညီ ထိထိရောက်ရောက် ထိန်းသိမ်းဆောင်ရွက်နေမှု၊ ဂျီနီဗာကွန်ဗင်းရှင်း အာတီကယ်(၁၇)နှင့် ပတ်သက်သည့်အခြေအနေ၊ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးမှု အခြေအနေ၊ မြန်မာ့တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်း မရှိစေရေး ကုလသမဂ္ဂ လက်အောက်ခံ Country Task Force on Monitoring and Reporting (CTFMR) နှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးကြသည်။
အလားတူ မစ္စယန်ဟီလီသည် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဧည့်ခန်းမဆောင် ၌ တွေ့ဆုံပြီး တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နေမှု၊ ဥပဒေပြုရေး အခန်းကဏ္ဍ၌ ပါဝင်ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ လွတ်လပ်သည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းလာစေရေးကိစ္စရပ် များနှင့် ပြည်သူများအတွက် တရားမျှတမှုရရှိစေရေး ကြိုးပမ်းဆောင်ရွက်နေ မှုများနှင့် စပ်လျဉ်း၍ဆွေးနွေးကြသည်။
ထို့အတူ မစ္စယန်ဟီလီသည် တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ယနေ့ နံနက် ၁ဝ နာရီတွင်တွေ့ဆုံပြီး ဝန်ကြီးဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြသည်။
ဆက်လက်၍ မစ္စယန်ဟီလီသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ယနေ့ နံနက် ၁၁ နာရီတွင် တွေ့ဆုံပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် အမုန်းပွားမှု မဖြစ်စေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေတို့ကို ဆွေးနွေးကြသည်။
ယင်းနောက် မစ္စယန်ဟီလီသည် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ယနေ့ မွန်းတည့် ၁၂ နာရီတွင် တွေ့ဆုံသည်။
ထို့နောက် မစ္စယန်ဟီလီသည် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ယနေ့မွန်းလွဲ ၁ နာရီခွဲ တွင် တွေ့ဆုံပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ လက်ရှိဦးစားပေး ပြုပြင်ဆောင်ရွက်နေမှုများနှင့် စိန်ခေါ်မှုများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို နိုင်ငံပိုင်မီဒီယာမှ ပြည်သူ့ဝန်ဆောင်မှု မီဒီယာ သို့ပြောင်းလဲရန် ပြင်ဆင်နေမှုများ၊ ထုတ်ပြန်ပြီးဖြစ်သည့် မီဒီယာ ဥပဒေများနှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ရေးဆိုင်ရာကိစ္စရပ်များ၊ Access to Information အတွက် ဝန်ကြီးဌာန အသီးသီးတွင် ပြောရေးဆိုခွင့်ရှိသူများ ခန့်ထား၍ လေ့ကျင့်ဆောင်ရွက်ပေးနေမှုများ၊ စာနယ်ဇင်း သမားများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသား မီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ပူးပေါင်း ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ၊ မီဒီယာ အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်စွမ်းဆောင်နိုင်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး Social Media များတွင် Hate speech ရေးသားပြောဆိုမှုများအပေါ် အခြားနိုင်ငံများတွင် ဖြေရှင်း ဆောင်ရွက်မှု အတွေ့အကြုံများကို အမြင်ချင်းဖလှယ်ကြသည်။
ယင်းနောက် မစ္စယန်ဟီလီသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ယနေ့မွန်းလွဲ ၂ နာရီတွင်တွေ့ဆုံပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း သစ်ထုတ်လုပ်မှု ရပ်ဆိုင်းမှု အခြေအနေ၊ သစ်တော ပြန်လည်စိုက်ပျိုးရေး၊ သတ္တုနှင့် ကျောက်စိမ်းထုတ်လုပ်မှု အခြေအနေနှင့် လုပ်ကိုင်ခွင့်ပေးသည့် ကုမ္ပဏီများအား ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း၊ တရားမဝင် ယာဉ်ယန္တရားများ သုံးစွဲမှုပပျောက်ရေး ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးကြသည်။

ယင်းနောက် မစ္စယန်ဟီလီသည် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့်အဖွဲ့ကို ယနေ့ ညနေ ၄ နာရီခွဲတွင် တွေ့ဆုံပြီး လက်ရှိဆောင်ရွက်လျက်ရှိသော မူဝါဒ၊ လုပ်ငန်းစဉ်၊ မြေပြန်လည်စွန့်လွှတ်မှု အခြေအနေ၊ မြေယာလျော်ကြေး နှင့် နစ်နာကြေးများ ပေးအပ်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment