Friday, July 1, 2016

နှစ်ဦးနှစ်ဖက်အပြုသဘောဆောင်သော လုပ်ဆောင်မှုများသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအတွက် များစွာအထောက်အကူ ရစေမည်


နေပြည်တော် ဇွန် ၃ဝ
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကောင်းမွန်ခဲ့သည့် ဆက်ဆံရေး သမိုင်းကြောင်းကို ထိန်းသိမ်းဆောင်ရွက်လျက် ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံ များဖြစ်သည့်အပြင် BIMSTEC အဖွဲ့ဝင်နိုင်ငံများလည်း ဖြစ်၍ အိမ်နီးချင်းကောင်းပီသစွာ အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များဖြင့် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်နိုင်မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ အမ်ဒီ ရှာဟိဒူလ် ဟော့ခ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
နှစ်ဖက်နိုင်ငံသားများ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများအနေဖြင့်လည်း မိမိနိုင်ငံ သမိုင်းကြောင်းနှင့်အခြေအနေများကို သိရှိနားလည်ရန်လိုကြောင်း၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိပြီး ဖြစ်စဉ်အမှန်ကို လက်ခံနိုင်ရန်မှာ အရေးကြီးကြောင်း၊ နှစ်ဦးနှစ်ဖက် အပြုသဘောဆောင်သော လုပ်ဆောင်မှုများသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအတွက် များစွာအထောက် အကူရစေမည်ဟု ယုံကြည်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ဆက်လက်ပြောကြားသည်။

ဆက်လက်၍ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့်နိုင်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် နှစ်ဖက်တပ်များနှင့် လုံခြုံမှုထိန်းသိမ်း ရသည့်အဖွဲ့အစည်းများ ပိုမိုထိတွေ့ ပူးပေါင်းဆောင်ရွက် နိုင်မည့် အခြေအနေများကို ဆွေးနွေးကြသည်။

No comments:

Post a Comment