Saturday, June 25, 2016

ပြည်ထောင်စုဝန်ကြီး အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၊ Goethe Institut နှင့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) တို့အား စစ်ဆေး


ရန်ကုန်၊ ဇွန် ၂၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ဇွန် ၂၄ ရက်နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘောဇရိပ်သာအတွင်းရှိ အနုပညာအထက်တန်းကျောင်း (ရန်ကုန်) သို့ ရောက်ရှိရာအနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံက အနုပညာအထက်တန်းကျောင်းနှင့် သက်ဆိုင်သည်များကို Power Point ဖြင့်
ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများကို အတန်းပညာနှင့် အနုပညာဘာသာရပ် (၂) ခုလုံးတတ်မြောက်ရေးအတွက် သင်ကြားလေ့ကျင့်ပေးရန်နှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ဂုဏ်ယူစွာ ထိန်းသိမ်းသောကျောင်းသား၊ ကျောင်းသူများအဖြစ် ပေါ်ထွန်းလာစေရေး သင်ကြားလေ့ကျင့်ပေးရန်  ဆွေးနွေး မှာကြားခဲ့သည်။  ၎င်းနောက် အနုပညာ အထက်တန်းကျောင်း၏ ပန်တျာသင်တန်းနှင့် ပန်းချီပန်းပု သင်တန်းသင်ကြား နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ Goethe Institut ဂျာမန် ဘာသာစကားနှင့် အနုပညာသင်ကြားရေးဌာနနှင့် အနုပညာကွန်ပျူတာ ဒီပလိုမာသင်တန်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ သွားရောက်ရှိ စစ်ဆေးရာ ဇူလိုင် ၁၉ ရက်တွင်ကျ ရောက်မည့် (၆၉) ကြိမ်မြောက် အာဇာနည်နေ့၌ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်သို့ လာရောက်လေ့လာမည့် ပြည်သူများ အဆင်ပြေစွာ လေ့လာကြည့်ရှုနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများကိုမှာကြားသည်။
ဆက်လက်၍ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်)သို့ ရောက်ရှိခဲ့ရာ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ရှိ LighitingEquipmentsများ၊ Sound System Equipments များနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်း သုံးစွဲရန်နှင့် တိုးတက်လာသည့် နည်းပညာများနှင့်အညီနားလည် သိရှိကျွမ်းကျင်စေရေးအတွက် ဝန်ထမ်းများအား သင်တန်းစေလွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်များကို ပြန်လည်ဆွေးနွေးမှာကြားခဲ့ပြီး အမျိုးသားဇာတ်ရုံကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
ထို့နောက် အာဇာနည်ဗိမာန်သို့ ရောက်ရှိခဲ့ရာရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ ဌာနခွဲမှူး ဦးစောနိုင်ကအာဇာနည် ဗိမာန်ပြင်ဆင်နေမှုများကို ရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သို့ ရောက်ရှိခဲ့ရာ စာအုပ်စာစောင်များ စနစ်တကျထိန်းသိမ်းရေး၊ စနစ်တကျ ဝယ်ယူစုဆောင်ရေးနှင့် နိုင်ငံတကာနှင့် ချိတ်ဆက်၍ စာကြည့်တိုက်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးများ ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment