Saturday, June 25, 2016

မြန်မာ့အမျိုးသား လေကြောင်းလိုင်းလေယာဉ်နှင့် မန်းရတနာပုံလေကြောင်းလိုင်းမှ လေယာဉ်တောင်ပံများ ထိခိုက်မှုဖြစ်ပွား


ထားဝယ် ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ယနေ့မွန်းလွဲ ၁ နာရီခန့်က မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်နှင့် မန်းရတနာပုံ လေကြောင်းလိုင်းမှ လေယာဉ်တို့ ထိခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန်းရတနာပုံလေကြောင်းလိုင်းမှ (ATR-72-600) လေယာဉ်သည် ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း-မြိတ်-ထားဝယ်-ရန်ကုန် ခရီးစဉ်အဖြစ် ထားဝယ်လေဆိပ်သို့ မွန်းလွဲ (၁၂) နာရီ (၅၁) မိနစ်အချိန် ဆင်းသက်ခဲ့ပြီး ပြန်လည်ထွက်ခွာရန် (Apron) တွင် ပြေးလမ်းဘက်သို့ မျက်နှာမူ၍ စောင့်ဆိုင်းနေစဉ် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ (EMBRAER – 190) လေယာဉ်သည် ရန်ကုန်-ထားဝယ်-ကော့သောင်း-ထားဝယ်-ရန်ကုန် ခရီးစဉ်အဖြစ် ထားဝယ်လေဆိပ်သို့ ဆင်းသက်ပြီး လေယာဉ်ရပ်နားရန်နေရာ Apron သို့ ၀င်ရောက်စဉ် ယာဘက်တောင်ပံစွန်းချင်း တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ထိခိုက်မှုကြောင့် မန်းရတနာပုံလေယာဉ်၏ ယာဘက်တောင်ပံအောက်ဘက်တွင် ကိုးလက်မခန့် ပေါက်ပြဲခဲ့ပြီး မြန်မာအမျိုးသား လေကြောင်းလိုင်းမှ လေယာဉ်၏ ယာဘက်တောင်ပံစွန်း အနည်းငယ်ပျက်စီးခဲ့ကြောင်းနှင့် လေယာဉ် နှစ်စင်းလုံးရှိ ခရီးသည်များနှင့်  ၀န်ထမ်းများ တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်နှစ်စင်းအား ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ထားဝယ်လေဆိပ်၌ ရပ်နားထားပြီး ခရီးသည်များအား မြန်မာအမျိုးသား လေကြောင်းလိုင်းမှ လေယာဉ်ဖြင့် အစားထိုး ပျံသန်းပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment