Sunday, June 26, 2016

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်ရှိ Cyclone Shelter များသို့ သွားရောက်ကြည့်ရှုစစ်ဆေး


ရန်ကုန် ဇွန် ၂၆
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြိုနယ် လက်ခုပ်ကုန်းကျေးရွာရှိ မုန်တိုင်း ဒဏ်ခံအဆောက်အဦ (Cyclone Shelter) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။




ဒုတိယသမ္မတသည် အရေးပေါ်သဘာဝဘေးအန္တရာယ် ကျရောက်ပါက ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ခိုလှုံနိုင်မည့် အခြေအနေ၊ စားနပ်ရိက္ခာများ သိုလှောင် ထားရှိနိုင်မည့် အခြေအနေနှင့် မြို့နယ်သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီက ဖွင့်လှစ်ထားသည့် ဆပ်ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ဂျပန်နိုင်ငံအခြေစိုက် INGO အဖွဲ့ဖြစ်သည့် SEED ASIA ၏ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ နယ်လှည့်အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ စီမံကိန်းမန်နေဂျာ Mr.Shigehiro Shibata က လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတသည် မြိုနယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ရပ်မိရပ်ဖ များနှင့်တွေ့ဆုံစဉ် ကွမ်းခြံကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးက ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်စဉ်က မြို့နယ်အတွင်း ပျက်စီးဆုံးရှုံးမှုအခြေအနေများနှင့် လက်ရှိသဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုကွယ်ကာကွယ်နိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နေမှု၊ ပြည်တွင်း ပြည်ပ INGOs NGOs အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ မီဒီယာများနှင့် မိုဘိုင်းဖုန်းများ၌ သဘာဝဘေး အန္တရာယ်များနှင့် စပ်လျဉ်း၍ ကြိုတင်အသိပေး သတင်းထုတ်ပြန်ဆောင်ရွက်မှု အခြေအနေတို့ကို လည်းကောင်း၊ ကျေးရွာသဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီဝင်များက သဘာဝဘေးအန္တရာယ် ကြိုတင် ကာ ကွယ်ရေးအတွက် လုပ်ငန်းဆောင်ရွက် နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက အစိုးရနှင့် အလှူရှင်များက ဆောက်လုပ်လှူဒါန်းပေးထားသည့် Cyclone Shelter အဆောက်အဦးများအား ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ထို့ပြင် သဘာဝဘေးအန္တရာယ် မကျရောက်မီ ကတည်းက ထိထိရောက်ရောက် အသုံးပြုနိုင်ရန် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုသည် အရေးကြီးကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို ယခင်ကထက် ပိုမိုသတိဝီရိယထားရှိဖို့ လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ကွမ်းခြံကုန်းမြို့နယ် မှော်ဘီ ကျေးရွာတွင် ဆောက်လုပ်ထားသည့် ပေ(၅၀×၃၃)ရှိ သံကူကွန်ကရစ်နှစ်ထပ် Cyclone Shelter အဆောက်အဦအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဗဟိုသိုလှောင်ရုံသို့ ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဦးစီးဌာန၏ လုပ်ငန်းတာဝန်နှင့် ဖွဲ့စည်းပုံ၊ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းဆောင်ရွက်မှု၊ Cyclone Shelter များ တည်ဆောက်ပြီးစီးမှု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေနှင့် နိုင်ငံခြားအလှူငွေ ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြည့်စွက်တင်ပြ သည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ​​ဒုတိယသမ္မတက ထောက်ပံ့ပေးလျက်ရှိသည့် ကယ်ဆယ်ရေးပစ္စည်များ အလေအလွင့်မရှိစေရန်နှင့် စနစ်တကျထားရှိရန် မှာကြားပြီး ဗဟိုသိုလှောင်ရုံအတွင်း လှည့်လှည်ကြည့်ရှု စစ်ဆေးသည်။

  

No comments:

Post a Comment