Sunday, June 26, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင် ကျောက်ဆည်မြို့နယ်ရှိ တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားဖူးမြော်


ကျောက်ဆည် ဇွန် ၂၅
နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင်သည်ဇွန် ၂၅ ရက် နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားသို့ လာရောက်ဖူးမြော်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်စုစုလွင်သည် ဘုရားပရိဝုဏ်အတွင်း တူးဖော်တွေ့ရှိခဲ့သည့် သမိုင်းအထောက်အထား အမှတ်အသားများကို ကြည့်ရှုလေ့လာပြီး ဘုရားကြီးအား ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူပူဇော် ကန်တော့သည်။
ဆက်လက်၍ ကျောင်းထိုင်ဆရာတော် အရှင်စန္ဒောဘာသနှင့် ကျောက်ဆည်မြို့ မဟာဂန္ဓာရုံကျောင်း စာချ ဆရာတော် အရှင်ပဏ္ဍိတတို့အား ဖူးမြော်ကန်တော့ပြီး လှူဖွယ်ပစ္စည်းများ ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။ ထို့နောက် တမုတ်ရှင်ပင် ရွှေဂူကြီး ဘုရားတူးဖော်ပြုပြင်စဉ်က တွေ့ရှိခဲ့သော ဗုဒ္ဓဆင်းတုတော်များ၊ သာသနိကအဆောက်အအုံများ၊ ဗိသုကာ အနုပညာ လက်ရာများ၊ ပန်းတော့လက်ရာများ၊ မြေထည်ပစ္စည်းများ၊ ကျောက်စာများ၊ အုတ်ခွက်စာများ စသည့် ရှေးဟောင်းလက်ရာ ပစ္စည်းများထားရှိသည့် သမိုင်းပြတိုက်သို့ ဝင်ရောက်လေ့လာကာ ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အနောက်ဘက် ခြောက်မိုင်ခန့် အကွာ ကျောက်ဆည်-တံတားဦးမြို့ချင်းဆက် လမ်းဘေးတွင်တည်ရှိပြီး ပုဂံခေတ်လက်ရာ ဂူဘုရားတစ်ဆူဖြစ်ကာ အနုစိတ်ကနုတ်ပန်းခက်များနှင့် အရုပ်မျိုးစုံ၊ အပြောက်အမွမ်း အပြည့်အစုံပါသော ဂူပြောက်ဘုရားအမျိုးအစားဖြစ်သည်။

တမုတ်ရှင်ပင်ရွှေဂူကြီး ဘုရားတည်ရှိရာ ပရိဝုဏ်ကိုရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန်အဖြစ် သတ်မှတ်ထားပြီး ဆက်လက်၍ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသော စေတီတော်ကြီး တစ်ဆူလည်း ဖြစ်သည်။

No comments:

Post a Comment