Sunday, June 26, 2016

"ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှတစ်ဆင့် မူးယစ်ဆေးဝါးပြဿနာကို သိသာထင်ရှားစွာလျော့နည်းကျဆင်းအောင် ဆက်လက်ကြိုးပမ်းဆောင် ရွက်သွား ရမည်"


 နေပြည်တော် ဇွန်  ၂၆
နိုင်ငံတော် အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ  (၂၁)ရာစုပင်လုံကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှတစ်ဆင့် မူးယစ်ဆေးဝါး ပြဿနာကို သိသာထင်ရှားစွာလျော့နည်းကျဆင်းအောင် ဆက်လက်ကြိုး ပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။




ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
ဒုတိယသမ္မတက တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အနေဖြင့် ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ပါကြောင်း။ နိုင်ငံရေးနည်းလမ်းများအရ အမျိုးသားပြန်လည် ပေါင်းစည်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မူးယစ်ဆေးဝါးပပျောက် ရေးလုပ်ငန်းများတွင် အတူတကွ ပူးပေါင်းကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်များကို တွေ့မြင်ကြရ မည်ဖြစ်ပါကြောင်း။ ပြည်တွင်းငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်အောင်မြင်မှုရရှိလာ သည်နှင့်အမျှ  မူးယစ်ဆေးဝါး ထိန်းချုပ်မှုများသည်လည်း ပိုမိုခိုင်မာအားကောင်းလာမည်ဖြစ်ပါ ကြောင်း။
ထို့ပြင် ကမ္ဘာ့မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများတွင်ပါ ဝင်လက်မှတ် ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းပါပြ ဌာန်းချက်များနှင့်အညီ လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းပြီး အခြားအဖွဲ့ဝင်နိုင်ငံများနှင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှုအပြင် စိတ်ကြွရူးသွပ်ဆေးဝါး ထုတ်လုပ်မှု၊ သုံးစွဲမှု စသည့်စိန်ခေါ်မှုများနှင့် ထပ်မံရင်ဆိုင်လာရခြင်းအပေါ် ၂ဝ၁၅ ခုနှစ် အာဆီယံဒေသ မူးယစ် ဆေးဝါးကင်းစင်ရေး ရည်မှန်းချက် နှင့်၂၀၁၅ ခုနှစ်အလွန် မူးယစ်ဆေးဝါးလျှော့ချရေး လုပ်ငန်းစဉ်များနှင့် အညီ မူးယစ်ဆေးဝါးပပျောက်ရေး စတုတ္ထ(၅)နှစ် စီမံကိန်းကို ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်ထိ တိုးမြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘိန်းစိုက်ပျိုးမှုကျဆင်းခြင်းဘက်သို့ ဦးတည်လာခဲ့သည်ကို UNODC ၏ အစီရင်ခံစာများ၌ တွေ့ရှိရ မည်ဖြစ်ပါကြောင်း။
ပြောင်းလဲလာသည့် မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ် သုံးစွဲမှုများကို အခြေခံပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ချဉ်းကပ်မှုပုံစံသစ်များကို ရေးဆွဲဆောင်ရွက်သွားကြရ မည်ဖြစ်ပြီး   ကမ္ဘာ့မူးယစ်ဆေးဝါးဈေးကွက်၊ အဂတိလိုက်စားမှုနှင့် ငွေကြေးခဝါချမှုများကို တန်ပြန်နိုင်မည့် တားဆီးနှိမ်နင်းရေး ရည်မှန်းချက်များကို မဟာဗျူဟာများ ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အဓိကကြိုးကိုင်သူများနှင့် ကျူးလွန်သူများကို ဥပဒေနှင့်အညီ တိတိကျကျ ဖော်ထုတ်အရေးယူသွားရန် လိုအပ်ကြောင်း။
လူငယ်ထုအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုလျော့နည်း ပပျောက်ရေးနှင့် မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့်မှုခင်း များလျှော့ချရေးကို အလေးထားဂရုပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူ့အသိုင်းအဝိုင်းအတွင်း မူးယစ်ဆေးဝါး အန္တရာယ်လျှော့ချရေးကို ဦးစားပေးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။
မူးယစ်ဆေးဝါးမှုခင်းများသည် နယ်စပ်ဖြတ်ကျော်ဂိုဏ်းဖွဲ့ကျူးလွန်သည့်  သဘော သဘာဝရှိသည့်အတွက် မူးယစ်ဆေးဝါး အပါအဝင် တရားမဝင် ကုန်ပစ္စည်းများသယ်ဆောင် ရောင်းဝယ်မှု မှုခင်းများသည် ကုန်သွယ် ရေးဖွံ့ဖြိုးတိုးတက်လာမှုများအပေါ် အခွင့်ကောင်း ယူဆောင်ရွက်လာကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နယ်စပ် ဝင်/ထွက် ပေါက်များ၊ လုံခြုံရေးနှင့်  စီမံခန့်ခွဲရေးဆိုင်ရာကဏ္ဍများတွင် ဌာနချင်း ပေါင်းစပ်ညှိနှိုင်းမှု၊ ဒေသတွင်းပေါင်းစပ်ညှိနှိုင်းမှုနှင့်  သတင်းဖလှယ်မှု ယန္တရားများ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
ဖွံ့ဖြိုးမှုနောက်ကျနေသေးသည့်ဒေသများ၌ တရားမဝင်ဘိန်းစိုက်ပျိုးမှု လျှော့ချရေး အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံများ၏ ယဉ်ကျေးမှု၊ ထုံးဓလေ့နှင့် လူမှုရေးအခြေခံများကို ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေတိုရေရှည်စီမံချက်များဖြင့် အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပြီး ဒေသလိုအပ်ချက် နှင့်ကိုက်ညီသည့် အစားထိုး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ဈေးကွက်ရရှိရေး၊ ဝင်ငွေရလုပ်ငန်းများဖန်တီးပေးရေး၊ စွမ်းအားမြှင့်တင်ရေး စီမံကိန်းများ၏ Ownership မှ ဒေသခံများ၏ Ownership သို့ လွှဲပြောင်း ရောက်ရှိစေရေးနှင့် မြေယာအသုံးချခွင့် စသည့်လုပ်ငန်းများကို  ထည့်သွင်းဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း။
မူးယစ်ဆေးဝါး သုံးစွဲမှုလျှော့ချရေး၏ နောက်ဆက်တွဲအန္တရာယ် လျှော့ချရေးလုပ်ငန်း စဉ်များကို ပူးတွဲဆောင်ရွက်ကြရမည်ဖြစ်ပြီး ကုသရေး၊ ပြန်လည်ထူထောင်ရေး၊ ဝန်ဆောင်မှု အခွင့်အရေးများလက်လှမ်းမီစေရေးနှင့် လူမှုဘဝမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စနစ်ကျသည့် ကုသရေးစနစ်များ တည်ထောင်ရန် လိုအပ်ပြီး လူထုအခြေပြု မူးယစ်ဆေးစွဲကုသရေး လုပ်ငန်းစဉ်များ ဖော်ဆောင်သွားကြရန်နှင့် လူမှုရေး ပံ့ပိုးမှုများ ပါဝင်သည့် လူမှုဖူလုံရေး လုပ်ငန်းစဉ်များကိုပါ ပေါင်းစပ်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်သည့်အခါ လူ့အခွင့် အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားလိုက်နာ ဆောင်ရွက်သွားရန် တာဝန်ရှိမည် ဖြစ်ပါကြောင်း၊ သို့မှသာ အစိုးရနှင့်လူအဖွဲ့အစည်းများအကြား ပွင့်လင်းမြင်သာမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း။
မူးယစ်ကင်းစင် ကမ္ဘာတစ်ခွင်ဖြစ်လာရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်ခြင်းနှင့် မိမိနိုင်ငံ၏မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အမျိုးသားမဟာဗျူဟာ လုပ်ငန်း များကို တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) မှ ဒေသဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. JeremyDouglas က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ၏ သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက်        မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဝတ္တုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပြူတာပိုစတာ အလွတ်တမ်းပြိုင်ပွဲများမှ ပထမဆုရရှိသူ(၆)ဦးအား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက်  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှတ်တမ်း ဗီဒီယိုကိုပြသပြီး ဆုရရှိသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)အတွင်း ခင်းကျင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံး မှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးမှတ် တမ်းဓါတ်ပုံများအား လှည့်လည်ကြည့်ရှုသည်။ 
(၂၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်ရေးနေ့ အခမ်းအနားများကို မြန်မာနိုင်ငံတစ်ဝန်း၌ ကျင်းပလျက်ရှိပြီး ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များ၌ စုစုပေါင်း မြန်မာကျပ်ငွေ ၆၆၇၃၂ သန်းတန်ဖိုးရှိ မူးယစ် ဆေးဝါးများကို မီးရှိုဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။



No comments:

Post a Comment