နေပြည်တော်
ဇွန် ၂၁
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့
ဗုဒ္ဓ မြတ်စွယ်တော် ဘုရားကျောင်း၏ ဗုဒ္ဓမြတ်စွယ်တော် ဆရာတော် GAOSHENG CHANG ZANG က တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ချီးမြှင့်ခဲ့သော ဗုဒ္ဓ
မြတ်စွယ်တော်များကို အများပြည်သူ ဖူးမြော် ကြည်ညိုနိုင်ရေး အတွက် မကွေးမြို့ မြသလွန်
စေတီတော်ကြီး၌ ထားရှိကိုးကွယ်ရန် တပ်မတော် ကာကွယ်ရေး ဦးချုပ်က ၂၀၁၆ ခုနှစ် ဇန်န၀ါရီ
၂၇ က လှူဒါန်းခဲ့သည်။
အဆိုပါ ဗုဒ္ဓ မြတ်စွယ်တော်များအား ဗုဒ္ဓဘိသေက
အနေကဇာတင် အခမ်းအနားကို ဇွန် ၂၀ ရက် နံနက်ပိုင်းက မြသလွန် စေတီတော်မြတ် ရင်ပြင်တော်ရှိ
မဟာ အတုလရံသီ တန်ဆောင်း၌ ကျင်းပရာ နိုင်ငံတော် သြ၀ါဒါစရိယ၊ ရာဇမုနိကျောင်း၊ ပဓာနနာယက
ဆရာတော်ကြီး ဘဒ္ဒန္တကေသာလ အမှူးပြုသော မြသလွန်စေတီတော် သြ၀ါဒါစရိယ ဆရာတော်ကြီးများ၊ အလယ်ပိုင်းတိုင်း
စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ၀င်းဗိုလ်ရှိန်နှင့် တာဝန်ရှိသူများ၊ တပ်မတော်သားများနှင့်
မိသားစုဝင်များ မြသလွန် စေတီတော်ကြီး၏ ဂေါပက အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ
တက်ရောက်ကြသည်။
အခမ်းအနားတွင် ရာဇမုနိကျောင်း၊ ပဓာနနာယက
ဆရာတော်ကြီး အမှူးပြုသော မြသလွန် သြ၀ါဒါစရိယ ဆရာတော်ကြီး ၉ ပါးတို့က ဗုဒ္ဓ မြတ်စွယ်တော်အား
ဗုဒ္ဓဘိသေက အနေကဇာ တင်တော်မူကြသည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက
ရာဇမုနိကျောင်း ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြကာ ပရိတ် တရားတော်များ
နာယူ၍ မြသလွန်စေတီတော် သြ၀ါဒါစရိယ ဆရာတော်ကြီး များထံသို့ လှူဖွယ် ၀တ္ထုများ လှူဒါန်းခဲ့ကြောင်း
သတင်းရရှိသည်။ (မြ၀တီ)

No comments:
Post a Comment