Friday, June 10, 2016

“အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် အပြီးသတ်မူကြမ်း ရေးဆွဲရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ " ကျင်းပ



နေပြည်တော် ဇွန် ၁၀

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့်  “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုမဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် အပြီးသတ်မူကြမ်း ရေးဆွဲရေးဆိုင်ရာ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ က အဖွင့်အမှာစကား ပြောကြားသည်။


အမြဲတမ်းအတွင်းဝန်က ပြောကြားရာတွင် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်၊ မိမိနိုင်ငံနှင့် သင့်လျော်သော အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်း အစီအစဉ်များနှင့် အခြားသော ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းစဉ်များ ရေးဆွဲနိုင်ခြင်းဖြင့် အမျိုးသားအဆင့်နှင့်ဒေသအဆင့် မူဝါဒ ရေးဆွဲသူများ၊ နည်းပညာရှင်များ၊ ပူးပေါင်းဆောင်ရွက်သူ များအနေဖြင့် ရာသီဥတုပြောင်းလဲ မှု၏ ဖြစ်နိုင်ခြေရှိသည့် ဆိုးကျိုးမျာနှင့်စပ်လျဉ်း၍ ထဲထဲဝင်ဝင် သိရှိပြီး သက်ဆိုင်ရာကဏ္ဍ အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ပြည့်ဝစွာ အကောင် အထည်ဖော်နိုင်ရန် အခွင့်အလမ်းများရရှိမည်ဖြစ်ပါကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှလည်း အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုပြောင်းလဲမှု ခန့်မှန်းချက်များအား ထုတ်ပြန်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် ရေရှားပါးမှုများ၊ ရေကြီးမှုအပါအဝင် မမျှော်လင့်သော သဘာဝဘေးအန္တရာယ်များကို နှစ်စဉ် ကြုံတွေ့နေရရာ ယခုရေးဆွဲလျက်ရှိသည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် ပြည့်စုံကောင်းမွန်သည်နှင့်အမျှ ကျွန်ုပ်တို့အနေဖြင့် တွေ့ကြုံ လာနိုင်သည့် စိန်ခေါ်မှုများကို ကောင်းစွာကိုင်တွယ် ဖြေရှင်းနိုင်မည်ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် ကောင်းမွန်သော အကျိုးရလဒ်များကို ဖန်တီးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။     
    
အစီအစဉ်အရ ဥရောပသမဂ္ဂ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝ သယံဇာတ အရင်းအမြစ်များစီမံခန့်ခွဲမှုအဖွဲ့၏ အစီအစဉ်မန်နေဂျာဖြစ်သူ Ms. Brissoneau Delphine နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၊ ဒေသအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ယက်၏ ပူးပေါင်းဆောင်ရွက်ရေးအရာရှိဖြစ်သူ Mr. Mozahaurl Alam တို့က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်း က နှုတ်ခွန်းဆက်စကားပြောကြားကာ   ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်၊ ဒေသအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကွန်ယက်၏ ပူးပေါင်း ဆောင်ရွက်ရေးအရာရှိဖြစ်သူ Mr. Mozahaurl Alam က အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ရေးဆွဲရေး လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာနှင့် လုပ်ငန်း စီမံချက် အပြီးသတ်မူကြမ်းအားလည်းကောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ခန့်မှန်းချက်များအား လည်းကောင်း၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် နည်းပညာအကြံပေးဖြစ်သူ Mr. Ahsan Uddin Ahmed က စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက် လာခြင်းများအားလည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးသည်။


ထို့နောက် အမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်ပါ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာ အဓိကဆောင်ရွက် ရမည့် အခန်းကဏ္ဍများဖြစ်သော စိုက်ပျိုးရေးနှင့် အစားအစာဖူလုံမှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် သဘာဝ သယံဇာတများ၊ စွမ်းအင်၊ ပို့ဆောင်ရေးနှင့် စက်မှု၊ မြို့ပြတည်ထောင်မှုနှင့် အဆောက် အဦ၊ သဘာဝဘေးအန္တရာယ်လျှော့ပါးရေးနှင့် ကျန်းမာရေး၊ ပညာရေးနှင့် အသိပညာပေးခြင်း စသည့် ဘာသာရပ်ဆိုင်ရာအလိုက် အုပ်စုများခွဲကာ ဆွေးနွေးညှိနှိုင်းကြပြီး အုပ်စုအလိုက် အကြံပြုချက်များကို ဆွေးနွေးတင်ပြကာ မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်အရ ဆက်လက်ရေးဆွဲမည့် ရာသီဥတုပြောင်းလဲမှုမူဝါဒနှင့်စပ်လျဉ်းသည့် တာဝန်ဝတ္တရားများ (ToR) ကိုရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment