Friday, June 10, 2016

ခေါင်လန်ဖူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအို-ခေါင်လန်ဖူး လမ်း/တံတားများ ဖေါက်လုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း


နေပြည်တော်  ဇွန်  ၁၀

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးဒေသသည် လမ်းပန်းဆက်သွယ်ရေးများ အလွန်ခက်ခဲခြင်း၊ စားနပ်ရိက္ခာများ ရှားပါးပြတ်လတ်ခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် စေတနာရှင် ပြည်သူများမှလည်း အခက်အခဲများကြားမှ စားနပ်ရိက္ခာ မပြတ်တောက် စေရေးအတွက် ရဟတ်ယာဉ်များ အသုံးပြု၍ အစားအသောက်များ ထောက်ပံ့ပေးလျက် ရှိပါကြောင်းဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က  ယနေ့ နံနက် (၁၁) နာရီအချိန်တွင် ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူတာအို-ခေါင်လန်ဖူး လမ်း/တံတားများ ဖေါက်လုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရက် (၁၀၀) စီမံချက်လုပ်ငန်းများကို သတ်မှတ်ထား သည့် စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တပ်မတော် နှင့် ပူးပေါင်း၍ ပူတာအို-ခေါင်လန်ဖူးဒေသ ဆက်သွယ်သွားလာနိုင်သည့် လမ်း/တံတားများ ဖေါက်လုပ် ပေးရန် ခွင့်ပြုချက်များရရှိပြီး ဖြစ်သည့်အတွက် လမ်း/တံတားများကို သတ်မှတ် စံချိန်စံညွှန်းများ နှင့်အညီ သတ်မှတ်ချိန်အမီ ပြည်သူများ အမှန်တကယ် သွားလာအသုံးပြုနိုင်သည့် လမ်း/တံတားများ ဖြစ်အောင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် တက်ရောက် လာကြသော တာဝန်ရှိသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြပါရန် ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော တပ်မတော်စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်နှင့် နယ်မြေတာဝန်ခံ ညွှန်ကြားရေးမှူးများမှ ပူတာအို-ခေါင်လန်ဖူး လမ်း/တံတားများ ဖေါက်လုပ်ရေးနှင့်ပတ်သက်၍ လူအင်အား၊ ယာဉ်/ယန္တရားများ စုဖွဲ့မှု၊ မြေပြင်အနေအထားများ၊ လမ်း/တံတားများဖေါက်လုပ်သွားမည့် အစီအမံများနှင့် ခန့်မှန်းကုန်ကျစရိတ် တန်ဖိုးတို့အား တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်ရှိသည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ပူတာအို-ခေါင်လန်ဖူး လမ်းကြောင်းသည် ပူတာအို-နောင်မွန်း ကားလမ်းပေါ်ရှိ မဂွေဇရွာမှ ကျောက်တောင်အား ဖြတ်၍ ရိဒါမ်း-ခေါဘူဒဲ-ခေါင်လန်ဖူးအထိ မိုင် (၇၀) ကွာဝေးပြီး လက်ရှိတွင် မဂွေဇရွာမှ ကျောက်တောင်အခြေထိ (၂၅) မိုင်မှာ မြေသားလမ်းကြမ်း အဆင့်သာရှိကြောင်း၊ ပေ (၇,၀၀၀) အမြင့်ရှိ ကျောက်တောင်အရှည် (၁၃) မိုင်ခန့်အား ခေတ်မီစနစ်များဖြင့် မိုင်းခွဲလမ်းဖောက် သွားမည်ဖြစ်ကြောင်း၊ ကျောက်တောင်အခြေ နို့ဝမ်းကုန်း ဘိုတဲမှ ရိဒါမ်း-ခေါဘူဒဲ-ခေါင်လန်ဖူး (၃၂) မိုင်မှာလည်း လက်ရှိတွင် လားလမ်း/ ဆိုင်ကယ်လမ်း အဆင့်သာရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့်၂၀၁၆-၂၀၁၇ ယခုဘဏ္ဍာနှစ်အတွင်း မဂွေဇ-ကျောက်တောင်(၂၅)မိုင်အား (၃၄) ပေအကျယ် မြေသားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း နှင့် မဂွေဇရွာအနီးပေ (၂၈၀) အရှည် ဒေသအခြေအနေနှင့် ကိုက်ညီသည့် တံတား (၁) စင်း တည်ဆောက်ခြင်း လုပ်ငန်းများအား တပ်မတော်နှင့် ပူးပေါင်း၍ စတင် ဆောင်ရွက်သွားမည် ဖြစ်သည်။


ခေါင်လန်ဖူးဒေသတွင် ဖြစ်ပေါ်နေသည့် သွားလာရေးခက်ခဲခြင်း၊ စားနပ်ရိက္ခာများ ရှားပါးခြင်းကြောင့်ကြုံတွေ့ရသည့်ဒုက္ခများ ဒေသခံပြည်သူလူထု မခံစားရအောင် ပူတာအို-ခေါင်လန် ဖူးလမ်းအား အရည်အသွေးပြည့်မီစွာဖြင့် တာဝန်ယူ ဖေါက်လုပ်ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment