Saturday, June 25, 2016

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် မြန်မာပုလဲအတွဲ ၂၀၀ တွဲ ရောင်းချခဲ့ရ


နေပြည်တော် ဇွန် ၂၅
(၅၃) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ပြပွဲကျင်းပသည့် နံနက်ပိုင်းမှစတင်၍ မဏိရတနာကျောက်စိမ်းခန်းမအတွင်းနှင့် အပြင်တို့တွင် ခင်းကျင်းပြသထားသည့် မြန်မာ့ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ သြစတြေးလျ စသည့် ပြည်ပ ကျောက်မျက် ရတနာကုန်သည်များနှင့် ပြည်တွင်းကျောက်မျက်ရတနာ ကုန်သည်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ကြပြီး မြန်မာ့ပုလဲအတွဲများ ၀ယ်ယူနိုင်ရေးအတွက် တင်ဒါများတင်သွင်းကြသည်။
ညနေပိုင်းတွင်  တင်ဒါတင်သွင်းထားသူများမှ ၀ယ်ယူခွင့်ရရှိသူများကို ထုတ်ပြန် ကြေညာရာ ယူရိုငွေ ၁ ဒသမ ၇ သန်း ကျော်တန်ဖိုးရှိ မြန်မာ့ပုလဲအတွဲ ၂၀၀ ရောင်းချခဲ့သည်။

(၅၃) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲအစီအစဉ်သည် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများတင်ပြရောင်းချရန် အပ်နှံမှုများအပေါ် လျာထားသတ်မှတ်ရခြင်းဖြစ်၍ ကျောက်စိမ်းကျောက်မျက်အတွဲများ များပြားပါက သတ်မှတ်ကာလ ထက်စော၍ လည်းကောင်း၊ အချိန်ကာလ ပိုမိုကျင်းပခြင်းဖြင့်လည်းကောင်း ရောင်းချနိုင်ရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment