Saturday, June 25, 2016

လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် ရှုပ်ထွေးနေသည့်ဆားဗစ်ကြိုးများကို စနစ်တကျ ရှင်းလင်းဆောင်ရွက်


ရန်ကုန်-ဇွန် ၂၅
မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်အတွက် ရှုပ်ထွေးနေသည့် ဆားဗစ်ကြိုးများနှင့် အမြင်မတင့်တယ်သည့် ဆားဗစ်ကြိုးများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ယနေ့နံနက်ပိုင်းတွင် တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက်အတွင်း ရှင်းလင်းဆောင်ရွက်နေမှု လုပ်ငန်းများကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သွားရောက်ကြည့်ရှုရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဥက္ကဋ္ဌ ဦးမောင်မောင်လတ်နှင့် တာဝန်ရှိသူများက  လုပ်ငန်းများဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီးခရိုင် လေးခရိုင်အတွင်းရှိ တာမွေ၊ လှိုင်သာယာ၊ လှိုင်နှင့် ဒလမြို့နယ်တို့တွင် ရှုပ်ထွေးနေသည့် ဆားဗစ်ကြိုးများ၊ ရှည်လျှားနေသည့်ဆားဗစ်ကြိုးများ၊ အမြင်မတင့်တယ်သည့် ဆားဗစ်ကြိုးများကို ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် မြို့တော်အင်္ဂါရပ်နှင့် အညီဖြစ်ရန် အဓိကဦးစားပေးဆောင်ရွက် သွားမည်ဖြစ်သည်။ ကျန်မြို့နယ်များကိုလည်း အပိုင်းလိုက် လုပ်ဆောင်သွားရန် မြို့နယ်များရှိ လျှပ်စစ်ရုံးများသို့ညွှန်ကြားထားကြောင်းသိရသည်။
ထို့အတူ ယနေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်တောင်ပိုင်း ၆၅ ရပ်ကွက်တွင် ရှုပ်ထွေးနေသည့် ဆားဗစ်ကြိုးများ၊ ရှည်လျှားနေ သည့် ဆားဗစ်ကြိုးများ၊ အမြင်မတင့်တယ်သည့် ဆားဗစ်ကြိုးများကို စနစ်တကျဖြစ်စေရန် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ၁၈ ရပ်ကွက်နှင့် ၂၀ ရပ်ကွက်တို့တွင် 200 KV ထရန်စဖော်မာအသစ် တပ်ဆင်ပြီး ဓာတ်အားပို့လွှတ်ရန် ဆောင်ရွက်နေမှု တို့ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

ထိုကဲ့သို့ ရှုပ်ထွေးရှည်လျှားနေသည့် လျှပ်စစ်ဆားဗစ်ကြိုးများ၊ အမြင်မတင့်တယ်သည့် ဆားဗစ်ကြိုးများကို စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားပြည့်ပြည့်၀၀ ရရှိနိုင်မည့်အပြင် လျှပ်စစ်အန္တရာယ်လည်းကင်းဝေး သွားမည်ဖြစ် သည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများသည် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် ပုဂ္ဂလိကမှတာဝန်ယူ ဆောင်ရွက်နေသည့် Myanmar Global Lighting Star Co., Ltd ရုံးခန်းကို  မြို့နယ်လျှပ်စစ်မန်နေဂျာရုံး (ဒဂုံမြို့သစ်တောင်ပိုင်း) တွင် ဖွင့်လှစ်ပေးခဲ့သည်။ 

No comments:

Post a Comment