Saturday, June 25, 2016

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်အတွင်း စက်မှုဝန်ကြီးဌာနနှင့် ယုဇနကုမ္ပဏီများမှ ပြန်လည်စွန့်လွှတ် လယ်ယာမြေများအား မူလတောင်သူများသို့ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကျင်းပ


ရန်ကုန် - ဇွန်၂၅
ယနေ့ပြုလုပ်သည့် စွန်လွှတ်မြေများပြန်လည် လွှဲပြောင်းပေးအပ်ခြင်းအခမ်း အနားတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်ရှိ လွှဲပြောင်းပေးအပ်ရန် ကျန်မြေ (၃၁၆၆)ဧကကို မူလပိုင်ရှင်တောင်သူလယ်သမား (၂၅၂) ဦးနှင့်ဖျာပုံမြို့နယ်ရှိ စက်မှုဝန်ကြီးဌာနက သီးခြားစွန့်လွှတ် သည့် နိုင်ငံပိုင်မြေ (၃၂၆၈) ဧကကိုမူလပိုင်ရှင် တောင်သူလယ်သမား (၇၂) ဦးတို့ထံပြန်လည် လွှဲပြောင်းပေးအပ်သွားမှာဖြစ်သည့် အတွက် မိမိအနေဖြင့် ၀မ်းမြောက်ပီတိဖြစ်ရပါကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တိုးရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် ဧရာဝတီ တိုင်းဒေသကြီး မအူပင်ခရိုင်နှင့်ဖျာပုံခရိုင်အတွင်း စက်မှုဝန်ကြီး ဌာနနှင့် ယုဇနကုမ္ပဏီတို့မှ ပြန်လည်စွန့်လွှတ် လယ်ယာမြေများအား မူလတောင်သူများသို့ ပြန်လည်ပေးအပ်သည့် အခမ်းအနားတွင် ဒုတိယသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းမြေယာများထဲမှ အသုံးမပြုတော့သည့် မြေယာများကို ပြည်လည် စွန့်လွှတ်ရာတွင် မူလပိုင်ရှင်ထံမြန်မြန်ရောက်ပါက မြန်မြန် စောပြီး အကျိုးရှိမည်ဖြစ်၍ စိုက်ပျိုးရာသီအမီ အမြန်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မိမိတို့အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိပြီး လွယ်ကူလျင်မြန်စေမည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ကာစနစ်တကျ လွှဲပြောင်းနိုင်ရေးဆောင်ရွက်လျက် ရှိပါကြောင်း၊ အချို့မြေယာ ကိစ္စများမှာ မူတည်ဆဲမြေယာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီဆောင်ရွက်ရမည်ဖြစ်၍ အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ဆိုင်း ပေးရမည် ဖြစ်ပါကြောင်း
သိမ်းဆည်းခံ လယ်ယာမြေပြဿနာများသည် ရိုးရိုးသားသားနှင့် တရားဥပဒေကို အမှန်တကယ် နားမလည်၍ မှန်ကန်မှုမရှိသည်များလည်း ရှိနိုင်သကဲ့သို့ မရိုးမသား မမှန်မကန် ပြုလုပ်နေသည်များလည်းရှိနိုင်ပါကြောင်း၊ ထို့ကြောင့် ကော်မတီ အဆင့်ဆင့် အနေဖြင့်သိမ်းဆည်းခံ လယ်ယာမြေပြဿနာများကို တရားဥပဒေဘောင် အတွင်းမှ တရားမျှတခြင်းရရှိအောင် စေတနာကရုဏာဖြင့် ကူညီပေးလိုသည့် မေတ္တာစိတ်အရင်းခံဖြင့် နည်းလမ်းတကျရဲရဲတင်းတင်း ကိုင်တွယ်ဖြေရှင်းဆုံးဖြတ် ဆောင်ရွက်ရန် အမှန်တကယ်လိုအပ်ကြောင်း။
ထိုသို့ ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် လယ်မဲ့၊ ယာမဲ့နှင့် အလုပ်အကိုင် အခွင့်အလမ်း မရှိ၍ ကျေးလက်ဒေသ ကိုစွန့်ခွာသွားမှုများ၊ မြို့ကြီးပြကြီးများသို့ မိသားစုလိုက် ရွှေ့ပြောင်းကျူးကျော်နေထိုင်မှုများ၊ ပြည်ပနိုင်ငံများသို့ ဆင်းရဲဒုက္ခခံပြီး နည်းလမ်းမျိုးစုံဖြင့် သွားရောက်လုပ်ကိုင်နေမှုများ၊ မြန်မာပြည်မှခေတ်ပညာ တတ်လုပ်ငန်း ကျွမ်းကျင်မှုရှိသော လူ့စွမ်းအားအရင်းအမြစ်များ ပြည်ပသို့ထွက်ခွာ ဆုံးရှုံးနေမှုများသည်လည်း တဖြည်းဖြည်း လျော့ကျလာမည်ဖြစ်ကြောင်း။
ထို့အပြင် မိမိတို့လယ်ယာမြေများသည် ဘိုးဘွားပိုင်အမွေအနှစ် အစစ်ဖြစ်သည့် အတွက် သားစဉ်မြေးဆက် အမွေဆက်ခံခွင့်ရရှိထားသည်ကို တန်ဖိုးထားပြီး စားနပ်ရိက္ခာ ဖူလုံမှုရရှိအောင်သာမက ပိုလျံအောင်စိုက်ပျိုး လုပ်ကိုင် သွားကြရန်နှင့် ယခင်က မိမိတို့နိုင်ငံသည် အာရှဆန်အိုးကြီးအဖြစ် အမွှန်းတင် ခံရဖူးသည်ကို ဂုဏ်ယူဖွယ် အမှတ်ရနေကြရန်မေတ္တာရပ်ခံတိုက်တွန်းလိုပါကြောင်း။
နိုင်ငံတော်အစိုးရသစ်၏ အများပြည်သူတို့၏ လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်ရေး ဆိုသည့် မူဝါဒကို အကောင်အထည်ဖော်ရာတွင် ကျေးလက်နေ ပြည်သူအများစု ဖြစ်သည့်တောင်သူလယ်သမားများ ဘ၀ကို မြှင့်တင် ပေးနိုင်အောင် စိုက်ပျိုးရေးလုပ်ငန်း၌ အဓိကအခြေခံကျသည့် အသုံးမလိုပိုလျှံ လယ်ယာမြေများကို မူလပိုင်ရှင်များထံ အမြန်ပြန်လည်လွှဲပြောင်းနိုင်ရေးသည်လည်း အလွန်အရေးကြီးသောကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အထူးအလေးထား ဆောင်ရွက်ပေးပါရန် တိုက်တွန်းပါ ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီက စွန့်လွှတ်မြေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ယခုကဲ့သို့ ပြန်လည်ပေးအပ်ရာတွင် တောင်သူတစ်ဦးချင်း မိမိလုပ်ကိုင်နေသည့် ဧရိယာ အတိုင်းယာယီ လုပ်ပိုင်ခွင့်ပြု လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ပြီး ဒေသခံတောင်သူများ အကြားပြဿနာ တစ်စုံတစ်ရာမရှိပါက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်များ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ထင်ကစွန့်လွှတ်မြေများ ပြန်လည်ပေးအပ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်သူ့လွှတ်တော် လယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဌဦးစိန်ဝင်းက ဧရာဝတီတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍ နှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတက မအူပင်ခရိုင်မှ တောင်သူ နှစ်ဦးနှင့် ဖျာပုံခရိုင်မှ တောင်သူတစ်ဦးတို့ကို စွန့်လွှတ်မြေလုပ်ပိုင်ခွင့်များအား ပေးအပ်သည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မအူပင်ခရိုင်မှ တောင်သူနှစ်ဦးအား လည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဖျာပုံခရိုင်မှ တောင်သူနှစ်ဦး အားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီက မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်တို့မှ တောင်သူတစ်ဦးစီအားလည်းကောင်း စွန့်လွှတ်မြေလုပ်ပိုင်ခွင့်များအား ပေးအပ်ကြသည်။
အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။  
ထိုမှတစ်ဆင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ညောင်တုန်းမြို့သို့ ရောက်ရှိပြီး ညောင်တုန်းမြို့တာ ပတ်လမ်း တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး () မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူတို့က ဧရာဝတီမြစ် ခွဲဖြစ်သောပန်းလှိုင်မြစ် ရေဘေးကာကွယ်ရေးတာဖြစ်သည့် ညောင်တုန်း မြို့ပတ်တာ ပြုပြင်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဧရာဝတီမြစ် ရေလွှဲ ဖြတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို ယခုနှစ်ဖေဖော်ဝါရီလတွင် စတင်ဆောင်ရွက်ခဲ့မှု၊ မြစ်ကမ်းပြိုကမ်းစားမှုများ ထိန်းချုပ် ရေးအတွက် မြစ်ကြောင်းပိတ်ခြင်း၊ မြစ်ကမ်းထိန်းခြင်းနှင့် ပန်းတာတည်ဆောက်ခြင်း လုပ်ငန်းများ   ဆောင်ရွက် ခဲ့မှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ညောင်တုန်းမြို့ပတ်တာ ပြုပြင်မြှင့်တင်ခြင်းလုပ်ငန်းအဖြစ် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ညောင်တုန်း မြို့ ရေဘေးကာကွယ်ရေးတာ(စည်ပင်တာ) အလျား ပေ ၁၁၄၀၀ အားသတ်မှတ်အမြင့် (ACL) အထိမြှင့်တင်ခြင်း၊ တာအခြေတွင် Toe Wall ထောက်၍အုတ်ရိုးရေကာနံရံ (Parapet Wall) တည်ဆောက်၍ တာပေါင် မြှင့်တင်ခြင်း၊ ကွန်ကရစ်ရေကာနံရံ တည်ဆောက်ခြင်း၊ ပန်းလှိုင်မြစ်ကမ်း ထိန်းသိမ်းခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ  ယခုနှစ်ဇွန်လ ပထမပတ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ဓနုဖြူမြို့နယ်အုန်းပင်ကွင်း ကျေးရွာသို့ ရောက်ရှိပြီး တောင်သူ ဦးအုန်းခိုင်၏ လယ်မြေ (၅ဒသမ၈) ဧကအတွင်း မိုးစပါး စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတသည်အဖွဲ့ဝင်များနှင့်အတူ ဟင်္သာတခရိုင် ဇလွန်မြို့ ၀ါသလရွာနှင့် မေဒုံရွာအနီးရှိ မေဒုံပန်းတာနှင့် မြစ်ကမ်းထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

မေဒုံပန်းတာမှာ အလျားပေ ၅၇၀၀ နှင့် ပျမ်းမျှအမြင့် ၁၈ ပေ ဖြစ်ပြီး ယခုနှစ် မတ်လအကုန်တွင် ဆောင်ရွက် ပြီးစီးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment