Sunday, June 26, 2016

နိုင်လွေး(ခ)နိုင်လှသောင်းဦးစီးသော လက်နက်ကိုင်အဖွဲ့ လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်


နေပြည်တော် ဇွန် ၂၅
နိုင်ငံတော်လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီစနစ်တွင် တိုင်းပြည်တည်ငြိမ်းအေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ ပူးပေါင်း၍ တက်ညီလက်ညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းတွင် လှုပ်ရှားနေသော နိုင်လွေး(ခ) နိုင်လှသောင်း ခေါင်းဆောင်သော လက်နက်ကိုင်အဖွဲ့သည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ သဘောထားအမှန်ကို သိရှိနားလည် လာပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဥပဒေ ဘောင်အတွင်း ဝင်ရောက်လိုကြောင်း နယ်မြေခံတပ်မတော်စစ်ကြောင်းထံ ဆက်သွယ်လာသဖြင့် အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးဝင်း၊ မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် ရေးမြို့နယ် နယ်မြေခံတပ်နယ်ခန်းမ၌ ၎င်းအဖွဲ့အား အခမ်းအနားဖြင့် ကြိုဆို ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းမှူးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော အဖွဲ့ခေါင်းဆောင် နိုင်လွေး(ခ)နိုင်လှသောင်းက တိုင်းမှူးနှင့် တာဝန်ရှိသူများထံသို့ လက်နက်များလွှဲပြောင်းအပ်နှံသည်။ ထို့နောက် တိုင်းမှူး နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ကြ သည်။ ထို့နောက် နိုင်လွေး(ခ)နိုင်လှသောင်း ခေါင်းဆောင်သောအဖွဲ့သည် ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများ အား ဝန်ချတောင်းပန်သည်။

အဆိုပါ နိုင်လွေး(ခ)နိုင်လှသောင်းခေါင်းဆောင်သော လက်နက်ကိုင်အဖွဲ့သည် အဖွဲ့ဝင် ၂ဝ နှင့်အတူ လက်နက် ငယ် ၁၂ လက်၊ ဗုံးသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၁ဝ လုံး၊ လက်လုပ်မိုင်း ခြောက်လုံး၊ ကျည်မျိုးစုံ ၁ဝ၉၉ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၂ ခု၊ လမ်းလျှောက် စကားပြောစက် နှစ်လုံး၊ လွယ်ကြိုးတစ်ချောင်းတို့ပါဝင်ကြောင်း သိရှိရပြီး ယင်းအဖွဲ့ဝင်များ လူမှုဘဝလုံခြုံစွာ ရပ်တည်နိုင်ရေး၊ ဥပဒေဘောင်အတွင်း အခြေချနေထိုင်လုပ်ကိုင်စားသောက် နိုင်ရေးတို့အား ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်တို့ ပေါင်းစပ်ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment