Monday, June 27, 2016

(၆၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ညှိနှိုင်း အစည်းအဝေး ကျင်းပ



နေပြည်တော် ဇွန် ၂၇
နောင်လာ နောင်သားများ လွတ်လပ်ရေး၏ တန်ဖိုးကို သိရှိတန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်နှင့် လွတ်လပ်ရေး မဆုံးရှုံးစေရေး အသက်ပေး ကာကွယ် စောင့်ရှောက် သွားမည် ဟူသည့် မျိုးချစ် စိတ်ဓာတ်များ ပိုမိုရှင်သန် တိုးတက် မြင့်မား လာစေရေး အတွက် ရည်ရွယ်၍ အာဇာနည်နေ့ အခမ်းအနားအား ကျင်းပသွားမည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပသည့် ၂၀၁၆ ခုနှစ် (၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးတွင် ဒုတိယ သမ္မတက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ဒုတိယ သမ္မတက (၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ၀န်ကြီးဌာနများနှင့် ကော်မတီများ အလိုက် ဆောင်ရွက် သွားရမည့် လုပ်ငန်းပိုင်း ဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။
ယင်းနောက် (၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟို ကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပရေး အတွက် ကော်မတီများ ဖွဲ့စည်းခြင်းနှင့် ကြိုတင် ပြင်ဆင် ဆောင်ရွက် ထားသည့် လုပ်ငန်း ကိစ္စများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် (၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီများ အလိုက် ဆောင်ရွက် သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လုံခြုံရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက လုံခြုံရေးဆိုင်ရာ အစီအမံများကို လည်းကောင်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်က သံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများထံ ဖိတ်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။ 
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနနှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့မှ တာဝန်ရှိသူများက ၀န်ကြီးဌာန အလိုက် ဆောင်ရွက် သွားမည့် အစီအမံများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက် လာကြသူများက အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးကြပြီး ဒုတိယသမ္မတက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေး မှာကြားသည်။

No comments:

Post a Comment