နေပြည်တော်
ဇွန် ၂၇
သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများတွင် အာကာသ
နည်းပညာကို ပိုမိုအသုံးချ ဆောင်ရွက်နိုင်စေရန်၊ ဌာနအဖွဲ့အစည်း အသီးသီး အနေဖြင့် အာကာသ
နည်းပညာ အသုံးပြု၍ သဘာဝဘေး လျော့ပါးရေး လုပ်ငန်းများတွင် ပိုမိုချိတ်ဆက် ပူးပေါင်း
ဆောင်ရွက် လာနိုင်စေရန်နှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ဖော်ထုတ် ဆွေးနွေးနိုင်ရန်
ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနနှင့် တရုတ်ပြည်သူ့
သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့ အခြေစိုက် United Nations Platform for Space-based
Information for Disaster Management and Emergency Response (UN-SPIDER)တို့ ပူးပေါင်း၍
သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများတွင် အာကာသ နည်းပညာ အသုံးချ ဆောင်ရွက်နိုင်ရေး အကြံပြု
အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး
ဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး က အဖွင့်အမှာစကား
ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယနေ့ အချိန်ကာလတွင်
နည်းပညာနှင့် ပတ်သက်သော အသိပညာ ဗဟုသုတများ နေ့စဉ်နှင့် အမျှ တိုးတက် ဖြစ်ထွန်းလျက်
ရှိသလို တစ်ဖက်တွင်လည်း ဆုံးရှုံးမှုများသည့် သဘာဝဘေး အန္တရာယ်များ ပိုမိုဖြစ်ပွားလျက်
ရှိနေကြောင်း၊ နည်းပညာ တိုးတက်မှုကို အသုံးချပြီး သဘာဝ ဘေးအန္တရာယ် များကြောင့် ထိခိုက်
ပျက်စီး ဆုံးရှုံးရမှုများ နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊
မြန်မာနိုင်ငံ အနေဖြင့် National Spatial Data Infrastructure (NSDI) စီမံကိန်း၊
One Map Myanmar Project တို့ကို ဆောင်ရွက်လျက် ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့်လည်း သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်း
အဆင့်တိုင်းတွင် ဂြိုဟ်တု ပုံရိပ်သုံး နည်းပညာ (Remote Sensing)နှင့် ပထဝီဝင်သတင်း
အချက်အလက်စနစ် (Geographic Information System - GIS) တို့ကို ပေါင်းစပ် အသုံးချ ဆောင်ရွက်နိုင်ရန်
လုပ်ဆောင်လျက် ရှိကြောင်း၊ သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး အတွက် နည်းပညာများ တိုးတက်
အသုံးချနိုင်ရေး၊ ချိတ်ဆက် ဆောင်ရွက်မှုများ အားကောင်း လာစေရေးနှင့် ရှိနှင့်ပြီးသား
စွမ်းဆောင်ရည်များကို ပိုမို တိုးတက် ကောင်းမွန် လာစေရေး ပိုမိုပူးပေါင်း ဆောင်ရွက်
သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးသို့ UN-SPIDER, UNISDR,
UN-Habitat, ICIMOD, ADPC, Digital Globe နှင့် NDRCC မှ တာဝန် ရှိသူများ၊ သဘာဝဘေး
စီမံခန့်ခွဲမှု လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်း (၁၄)ခုမှ
တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြပြီး "Training on Landslide Hazard
and Damage Assessment" (၄)ရက်ကြာ သင်တန်းကို ဆက်လက် ဖွင့်လှစ် ပို့ချသွားမည်
ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment