Monday, June 27, 2016

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိမ်း ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူး စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား



ပြင်ဦးလွင် ဇွန်  ၂၇
ပြည်သူများ၏ ရေရှည် အကျိုးစီးပွားကို ရှေးရှုပြီး စိတ်ကောင်း စေတနာကောင်းဖြင့် နိုင်ငံတော်ကြီး အေးချမ်းသာယာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပေးအပ်သည့် တာဝန်များကို ကြိုးစား ထမ်းဆောင်ကြပါဟု တိုက်တွန်းကြောင်း  ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိမ်းက ပြောကြားသည်။

ပြင်ဦးလွင်မြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နဝရတ်ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည့် ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူး စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက Wisdom ဟူသော ထိုးထွင်းသိ ပညာသည် “အမှား-အမှန်”ကို ကောင်းစွာ ခွဲခြားသိရှိ၊ လိုက်နာနိုင်ခြင်း ဖြစ်ကြောင်း၊ တစ်ဦး တစ်ယောက်သည် “ချွန်” ရုံမျှသာ မဟုတ်ဘဲ အမှန်တကယ် “လူတော်”ဖြစ်ခဲ့ပါက “အမှန်-အမှား”ကို ကောင်းစွာ ခွဲခြားနိုင်သည့် အပြင် လိုက်ပါ ကျင့်သုံးနိုင်မည်လည်း ဖြစ်ကြောင်း၊ လူကောင်းရုံမျှဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မဆောင်ရွက် နိုင်ပါကြောင်း၊ ကိုယ်ကျိုးစီးပွား အခြေ မခံကြရန် အတွက် လူတော်များက လူကောင်းဖြစ်ရန် လိုအပ်ပါကြောင်း၊ အခြေခံအကျ ဆုံးသော အရည်အချင်းမှာ မြင်သိခံယူမှု “Perception” မှန်ကန်ရန် ဖြစ်ပြီး၊ မှန်ခြင်း၊ မှားခြင်းကိုလည်း ကောင်းစွာ ခွဲခြားနိုင်ကြရန် လိုသည်ဟု မြင်ပါကြောင်း၊ အခြေခံကျသော Perception ကို အမှန်တကယ် မပြောင်းလဲနိုင်ပါက Mindset တို့လည်း ပြောင်းနိုင်မည် မဟုတ်ပါကြောင်း၊ အနာဂတ် မျိုးဆက်သစ်တို့ အတွက် မတရားသော အကျိုးစီးပွားကို စွန့်လွှတ်နိုင်သော စိတ်အခံကို အမှန်တကယ် ပြောင်းလဲကြပါဟု ပြောကြားသည်။
ထို့ပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ပြောကြားချက်များမှ ၀န်ထမ်းများသည် ပြည်သူ့ အတွက် ပြည်သူ့ဝန်ကို ထမ်းသည့်ပုဂ္ဂိုလ်များ ဆိုသည်ကို ပြည်သူများ ယုံကြည် နိုင်အောင် ၀န်ထမ်းများဘက်က လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံ တိုးတက်ရေး အတွက် မိမိ တစ်ဦးတည်းလုပ်၍ မရကြောင်း၊ ပါတီ အဖွဲ့အစည်းတစ်ခု၊ အစိုးရ တစ်ခုတည်း လုပ်၍လည်း မရနိုင်ကြောင်းနှင့် ပြည်သူလူထု အားလုံးပါဝင်မှ ဖြစ်နိုင်ကြောင်း၊ မြန်မာ့ နိုင်ငံရေး၏ အပြောင်းအလဲ ရလဒ်သည် တည်ငြိမ်မှုမှ တစ်ဆင့် ထွက်ပေါ်လာရသော ရလဒ်ဖြစ်ကြောင်းကို ကောင်းစွာ သတိပြုရမည် ဖြစ်ပါကြောင်း၊ Change Process တွင် Refreeze ဟုဆိုသည့် ထိန်းချုပ်နိုင်သည့် အခြေအနေဖြင့် အပြောင်းအလဲကို ကျော်ဖြတ်ပါက တည်ငြိမ်မှု ကောင်းများဖြင့် ဆန္ဒရှိသော အခြေအနေ တစ်ရပ်သို့ အောင်မြင်စွာ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း၊ အပြောင်းအလဲအား စီမံခန့်ခွဲခြင်းတွင် မျှော်မှန်းချက်၊ ကျွမ်းကျင်မှု၊ မက်လုံး၊ ရင်းမြစ်များ၊ လက်တွေ့ အစီအစဉ် စသည့် အခြေခံငါးချက်နှင့် ပြည့်စုံလျှင် အောင်မြင်သော အပြောင်းအလဲ တစ်ရပ်သို့ ရောက်ရှိမည် ဖြစ်ကြောင်း၊ နိုင်ငံရေး စီမံခန့်ခွဲခြင်းတွင်လည်း ပူးပေါင်း ဆောင်ရွက်ခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ပူးတွဲ ဆောင်ရွက်ခြင်း၊ အပေးအယူ လုပ်ခြင်း စသည့်အခြေခံ အချက်များသည် အောင်မြင်သော အပြောင်းအလဲ တစ်ရပ်သို့ ရောက်ရှိမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် ပြည်သူ့ ဝန်ထမ်းများ၏ ရင့်ကျက်မှု၊ အတွေ့အကြုံ၊ အရည်အသွေး ပြည့်ဝမှုများကို ထိန်းသိမ်း မြှင့်တင်ပေးရန် အဓိကဦးစားပေးပြီး အရာထမ်းလောင်း အခြေခံ သင်တန်းကို ပြည်သူ့ဝန်ထမ်း အကယ်ဒမီတွင် တက်ရောက်စေပြီး ဘွဲ့လွန်ဒီပလိုမာ လက်မှတ် ပေးအပ်မည် ဖြစ်သကဲ့သို့ ပုံမှန် ဖွင့်လှစ်နေသည့် သင်တန်းများကိုလည်း ဆက်လက် ဖွင့်လှစ် ပို့ချပေးသွားမည် ဖြစ်ကြောင်း၊ ယခု ဖွင့်လှစ်သည့် သင်တန်းတွင် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများ အနေဖြင့် မသိမဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စီမံခန့်ခွဲမှု၊ ဥပဒေ၊ ပြည်သူ့ အုပ်ချုပ်ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး လုပ်ငန်းစဉ်များကို ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အသီးသီးတို့မှ အဆင့်မြင့် အရာရှိကြီးများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ လာရောက် ဆွေးနွေး ပို့ချသွားမည် ဖြစ်သည့်အပြင် နိုင်ငံတကာ အဖွဲ့အစည်းများက ပညာရှင်များလည်း ပါဝင် ပို့ချပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဝန်ကြီးဌာန အသီးသီးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဆင့် အရာရှိကြီး (၃၀)ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ရက်သတ္တ (၈)ပတ် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိမ်းသည် တက္ကသိုလ် အတွင်းရှိ ဝန်ထမ်းအိမ်ရာများ၊ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ဖွင့်လှစ်နိုင်ရန် အတွက် သင်တန်းသားများ ထားရှိမည့် သင်တန်းသား (၂)ထပ် အိပ်ဆောင်များ၏ အခန်း ဖွဲ့စည်းထားရှိမှု အခြေအနေများ၊ သင်တန်းသား (၂၀၀)ဆံ့ အိပ်ဆောင်များ၊ သင်ကြားပို့ချမည့် စာသင်ဆောင်များနှင့် ကွန်ပျူတာ (၂)ထပ် စာသင်ဆောင်များအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

No comments:

Post a Comment