Friday, June 17, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့အား ဂျာမနီနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဝန်ကြီး တွေ့ဆုံဆွေးနွေး


နေပြည်တော် ဇွန် ၁၇
မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ဂျာမနီနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာဂဲလ်မြူးလာ သည် ယနေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဧည့်သည်တော်ဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ နံနက် ၁၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဝန်ကြီးများသည် မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်ကြားရေး စင်တာများ ဖွင့်လှစ်တည်ထောင်ရေး၊  စိုက်ပျိုးရေးကဏ္ဍ၊ အထူးသဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အော်ဂဲနစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရေး၊ အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံ၌ ဆောင်ရွက် လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဂျာမနီနိုင်ငံနှင့် အီးယူတို့အနေဖြင့် ဆက်လက် ပံ့ပိုးပေးနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဧည့်သည်တော်ဝန်ကြီးသည် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် မွန်းလွဲ ၂ နာရီတွင် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတနှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးတို့သည် စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အသက်မွေးဝမ်းကြောင်း ပညာသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး၊ အသေးစားစက်မှုလုပ်ငန်းများအတွက် နည်းပညာနှင့် ဘဏ္ဍာရေး အကူအညီများ ပိုမိုပေးအပ်နိုင်ရေး၊ ခေတ်မီစိုက်ပျိုး ရေးနည်းပညာ များရရှိရေးနှင့် လယ်ယာထွက်ကုန်ပစ္စည်းစက်ရုံများ ထူထောင်နိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် (၂၁)ရာစု ပင်လုံညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေး၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက် နေမှုတို့နှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့သည်။
ထို့ပြင် ဧည့်သည်တော်ဝန်ကြီးက နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို  ဂျာမနီနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။

ဂျာမနီနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာ သွားကြသည်။ 

No comments:

Post a Comment