Friday, June 17, 2016

နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူများအား ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး သီးခြားစီ လာရောက်တွေ့ဆုံ


နေပြည်တော် ဇွန် ၁၇
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးနှင့်နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး မစ္စတာဂျီးမာ့ခ်အီရောင်သည် ယနေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဖေဇင်ထွန်း တို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။   

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျီးမာ့ခ်အီရောင်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး၊ ပြင်သစ်နိုင်ငံမှ ထောက်ပံ့ပေးနေသည့် လူသားအရင်းအမြစ်နှင့် အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ သင်တန်းဆိုင်ရာများ၊ မြန်မာနိုင်ငံရှိ မြို့တော်များအတွက် မြို့ပြစီမံကိန်းဆိုင်ရာများ၊ ဖွံ့ဖြိုးရေးပူး ပေါင်းဆောင်ရွက်မှု ဆိုင်ရာများ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံအပေါ် ပြင်သစ်နိုင်ငံမှ ထောက်ပံ့ပေးလျက်ရှိသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီများနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျီးမာ့ခ် အီရောင်သည် နိုင်ငံတော် သမ္မတ ဦးထင်ကျော်အား နံနက်(၁၁)နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်သံတမန်ဆောင် ဧည့်ခန်းမသို့ သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ပြည်သူအချင်းချင်းအကြား ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေး၊ မြန်မာ နိုင်ငံ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြင်သစ်နိုင်ငံက တိုးမြှင့်အကူအညီ ပေးရေး၊ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုပိုမိုမြှင့်တင်ရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်နေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် လူအခွင့်အရေး မြှင့်တင်နိုင်ရန်အတွက် ဆောင်ရွက်နေ မှုများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံအကြိုပြင်ဆင်နေမှုများ၊ ရခိုင်ပြည် နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည့်အပြင် နိုင်ငံတော်သမ္မတအား ပြင်သစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ရန် ဖိတ်ကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျီးမာ့ခ်အီရောင်သည် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းအား နေပြည် တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်သို့ သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ထို့နောက် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး၊ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ပူးပေါင်းဆောင် ရွက်ရေးကိစ္စများနှင့် စုစုပေါင်း မဂ္ဂါဝပ် ၆၉၀ ခန့်ထုတ်လုပ်နိုင်မည့် ရခိုင်ပြည်နယ် လေးမြို့ ရေအားလျှပ်စစ်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းလေ့လာရန် အမေရိကန်ဒေါ်လာ ၁ သန်း ကူညီပေးသွားရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျီးမာ့ခ်အီရောင်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဇေယျာသီရိဗိမာန် ဧည့်ခန်းမ ဆောင်၌ သွားရောက်တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် ယူရိုသန်း(၂၀၀)ကူညီထောက်ပံ့မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး ကိုလိုလားပြီး ဆက်လက်ကူညီ ဆောင်ရွက်မည့် အခြေအနေများ၊ မြန်မာ့တပ်မတော်ဆိုင်ရာ ခရီးစဉ်ကိစ္စ ရပ်များ၊ တပ်မတော် နှစ်ရပ် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်လုပ်ဆောင်မှုအခြေအနေများ၊ ချစ်ကြည် ရေးနှင့် လေ့လာရေးခရီးစဉ်များ၊ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာများ၊ နည်းပညာ ဆိုင်ရာနှင့် လေ့ကျင့်ရေး သင်တန်းကိစ္စရပ်များ၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် ပါဝင် ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်နေ မှုနှင့် ဥပဒေနှင့်အညီ ကူညီဆောင်ရွက်နိုင်မှု အခြေအနေများ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးသည် ညနေပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာသွားသည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးသည် ရန်ကုန်မြို့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာလူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဦးသန့်၏နေအိမ်၊ အတွင်းဝန်များရုံးနှင့် ရွှေတိဂုံစေတီတော်သို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment