Thursday, June 23, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းအတွင်း ကြည့်ရှုစစ်ဆေး


နေပြည်တော် ဇွန် ၂၃
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့၏ အရှေ့ဘက် ၂၆ မိုင်အကွာရှိ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက် ထားသည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။




နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာ အောင်သူ၊ ဦးဖေဇင်ထွန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အထက် ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းသို့ရောက်ရှိပြီး အထက်ပေါင်းလောင်း ပင်မတမံ နှင့် စီမံကိန်းပုံစံငယ်တို့ကို ကြည့်ရှုစစ်ဆေးရာ  ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးဆန်းက  ပင်မတမံအခြေအနေ၊ ရေ၀င် ရောက်မှု၊ ရေသိုလှောင်နိုင်မှု၊ စက်တပ်ဆင်အင်အားနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ရှင်းလင်းဆောင်သို့ရောက်ရှိရာ ညွှန်ကြားရေး မှူးချုပ် ဦးအေးဆန်းက အထက်ပေါင်းလောင်း စီမံကိန်းအပါအ၀င် ပေါင်းလောင်းမြစ် ပေါ်၌ စီမံကိန်းသုံးခု အကောင်အထည် ဖော်ထားရှိပြီး အလယ်ပေါင်းလောင်းစီမံကိန်း ဆက်လက်ဆောင်ရွက်ရန်လျာထားမှု၊ အထက်ပေါင်းလောင်း စီမံကိန်း ဆောင်ရွက် စဉ်က ရေ၀ပ်ဧရိယာအတွင်း ကျရောက်သည့် ကျေးရွာများအား စနစ်တကျရွှေ့ပြောင်း နေရာချထားပေးမှု၊ ရွှေလီ(၃)၊ အထက်ရဲရွာ၊ သူဋ္ဌေးနှင့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးခင်မောင်ဝင်းက အထက်ပေါင်း လောင်းစက်ရုံ၏ ဓာတ်အားထုတ်လုပ်မှု အခြေအနေ၊ ဓာတ်အားထုတ်လုပ်လျက်ရှိသော ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံ များနှင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများ အခြေအနေများကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က နိုင်ငံ၏လျှပ်စစ်ဓာတ်အား လိုအပ်မှု ခန့်မှန်းချက်၊ ၂၀၁၇ ခုနှစ် နွေရာသီဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမည့်အခြေအနေ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ် အားဖြန့်ဖြူးမှုအခြေအနေ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် ကန့်သက်ချက်များ၊ ဓာတ်အားခနှုန်းထားနှင့် စိုက်ထုတ် သုံးစွဲမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြည်သူများ လက်တွေ့ အကျိုးခံစားရပြီး ထင်သာမြင်သာ ရှိသည့်လုပ်ငန်းများကို ရက်တစ်ရာစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများကို  ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက  ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဌာန အလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ လုပ်ငန်းလို အပ်ချက်များကို ဆွေးနွေးညှိနှိုင်း၍ နည်းလမ်းရှာဖွေကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်းရှိ ဓာတ်အားပေးစက်များနှင့် ဓာတ်အားထိန်းချုပ် ခန်းတို့ကိုလည်းကောင်း၊ ပင်မတမံ ရှုရပ် မှ အထက်ပေါင်းလောင်းပင်မတမံ ရေယူအဆောက်အအုံနှင့် ရေ၀ပ်ဧရိယာတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းဝန်းအတွင်းရှိ ၀န်ထမ်းအိမ်ရာ သို့သွားရောက်၍ ၀န်ထမ်းများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံကာ အားပေးစကားပြောကြားသည်။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို၂၀၀၄-၂၀၀၅ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ခုနှစ်နိုဝင်ဘာလတွင် တည်ဆောက်ပြီးစီးခဲ့သည်။ ပင်မတမံသည် ကွန်ကရစ်တမံ (RCC Dam) အမျိုးအစားဖြစ်ပြီး အလျား ၁၆၉၀ပေ၊ အမြင့် ၃၂၂ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ ၁၀၄၂၇၀၀ ဧကပေရှိသည်။ ဓာတ်အားပေးစက်ရုံ ဓာတ်အား ပေးစက်နှစ်လုံးမှ တပ်ဆင်စက်အင်အား (၁၄၀) မဂ္ဂါဝပ်ရှိပြီး နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ (၄၅၄) သန်းခန့်ကို နိုင်ငံတော်မဟာဓာတ်အား ကွန်ရက်စနစ်သို့ ပို့လွှတ်ဖြန့်ဖြူးလျက်ရှိပြီး ပေါင်းလောင်း မြစ်ပေါ်တွင် (၁၀၀) မဂ္ဂါဝပ်ထွက်ရှိမည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း ကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါ စီမံကိန်း၏ ရေဝပ်ဧရိယာအတွင်းကျရောက်သော ကျေးရွာများ ရွှေ့ပြောင်းရေးအတွက် စုစုပေါင်းငွေကျပ် (၃၁ ဒသမ ၅၃၄) ဘီလီယံ အကုန်အကျခံ ဆောင်ရွက်ခဲ့ပြီး ကျေးရွာသစ်နေရာများအတွက် စိုက်ပျိုးမြေ (၈၂၉၇) ဧကခန့်ကိုလည်း ဖော်ထုတ်ပေးခဲ့သည်။ ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနက လည်း ကျေးရွာသစ်နေရာအား မြို့သစ်အဖြစ် တည်ထားပေးခဲ့သည်။
စစ်တောင်းမြစ်ဝှမ်းပေါ်တွင် အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း အပါ အ၀င် ပေါင်းလောင်း၊ ခပေါင်း၊ ဖြူး ချောင်း ၊ ကွန်းချောင်း ၊ ရဲနွယ်၊ ဇောင်းတူ၊ နန်ချို၊ သောက်ရေခပ်(၂)နှင့် ရွှေကျင်ရေအားလျှပ်စစ်စီမံကိန်း စုစုပေါင်း စီမံကိန်း ၁၀ ခု တည်ဆောက်ထားရှိပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်စုစုပေါင်း ၈၃၀ မဂ္ဂါဝပ်ကို ထုတ်လုပ် ပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း (၁၀ ဒသမ ၈)သန်းရှိသည့်အနက် ၂၀၁၅-၂၀၁၆ ခုနှစ်အထိ အိမ်ထောင်စု(၃ ဒသမ ၈)သန်း လျှပ်စစ်ဓာတ်အားရရှိပြီးဖြစ်ကြောင်း သိရသည်။




No comments:

Post a Comment