Thursday, June 23, 2016

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရက်(၁၀၀)စီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများအား ဆန်းစစ်သည့် အခမ်းအနားကျင်းပ


နေပြည်တော် ဇွန် ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက် ၁၀နာရီခွဲတွင် အဆိုပါ ဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသော ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက် နေမှုများအား ဆန်းစစ်သည့် အခမ်းအနားသို့ တက်ရောက်အမှာစကား‌ပြောကြားသည်။

ထို့သို့ပြောကြားရာတွင် ဝန်ကြီးဌာနမှ လက်ရှိလုပ်ဆောင်လျက်ရှိသော လုပ်ငန်းများမှ လုပ်ငန်းအလိုက် ပြီးစီးမှုအ‌ခြေအနေများ၊ ကြုံတွေ့ရသော အခက်အခဲများ၊ ယင်းအခက်အခဲ များအား ရင်ဆိုင်ကျော်လွှား ပြန်လည်ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ရှင်းရှင်းလင်လင်း ဖြစ်စေဖို့အတွက် ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိသည့် ဥပဒေများ၊ အတည်ပြုပြဌာန်းပြီးဖြစ်သည့် ဥပဒေများကိုနည်းဥပဒေများ လျင်မြန်စွာ ထွက်ပေါ်လာနိုင်ရန် ကြိုးစားကြရမည်ဖြစ်ကြောင်း ‌ပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက မိမိတို့ဌာနအလိုက် အစီရင်ခံ တင်ပြကြသည်။
ဆက်လက်၍ ကယ်ဆယ်ရေးဦးစီးဌာနမှ ချင်းပြည်နယ်၊ မြေပြိုဆည်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများ၊ သဘာဝဘေး စီမံခန့်ခွဲရေးတွင် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ဆောင်ရွက်မှုနေမှုများ၊ အရေးပေါ်စီမံခန့်ခွဲမှု ဗဟိုဌာန (Emergency Operation Center) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ သဘာဝဘေးကြိုတင်သတိပေးချက်များ ထုတ်ပြန်နိုင်ရေး အတွက် SSB စက်များဝယ်ယူဖြည့်တင်းခြင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသ များမှ သတင်းအချက်အလက်များ မှန်ကန်စွာ ရရှိရေးအတွက် ဆောင်ရွက်နေသည့် KOBO Mobile Application ကိစ္စများ၊ သဘာဝဘေးဆိုင်ရာ အသိပေး Mobile Application ရေးဆွဲခြင်းလုပ်ငန်းများ၊ ပြည်သူလူထုကိုယ်တိုင်ပါဝင်သော မုန်တိုင်းဘေးအန္တရာယ် ဇာတ်တိုက် လေ့ကျင့်ခန်းများ ဆောင်ရွက်မှုအ‌ခြေအနေများ၊ သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များ၊ နံရံကပ်ပိုစတာများအား တိုင်းရင်းသား ဘာသာစကားများဖြင့်ပြုစု၍ ပြည်သူ လူထုအား ဖြန့်ဝေရန် ဆောင်ရွက် နေသည့် အ‌ခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ ဝန်ကြီးဌာနအသီးသီးမှ ပေးပို့လာသော ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်နေသည့် ကိစ္စများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးမှ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စ များအား ဆွေးနွေးပေးသည်။

ထို့အပြင် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြည်သူများ၏ တုန့်ပြန်မှုကို သိရှိမှသာ ပြည်သူများအတွက် ပိုမိုအကျိုးပြုနိုင်မည့် နည်းလမ်းများကို ရှာဖွေ ဆောင်ရွက် နိုင်မည်ဖြစ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများမှ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့မှုနှင့်ပတ်သက်၍ ပြည်သူများ၏ တုန့်ပြန်မှု ဆန်းစစ်လွှာ ထုတ်ပြန်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment