Thursday, June 23, 2016

နှစ်နိုင်ငံအကြားဆက်ဆံရေးတိုးမြှင့်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ သို့ရောက်ရှိ


ဗန်ကောက်  ဇွန်  ၂၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ့သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)၏ ဖိတ်ကြား ချက်အရ နှစ်နိုင်ငံအကြားဆက်ဆံရေးတိုးမြှင့်ရန် ဇွန် ၂၃ ရက် နံနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာ ဆွမ်ကစ်ဒ်ဂျတူ စရီပီတက်နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ ပီစနုဆူဗန်နာဂျာတာနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာသံရုံးသို့ရောက်ရှိပြီး မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ၀န်ထမ်းများနှင့်တွေ့ဆုံကာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက် ပေးရမည်ဖြစ်ကြောင်း၊ နေရာတစ်ခုရခြင်းသည် တာဝန်တစ်ခုရခြင်း ဖြစ်ကြောင်း၊ သံရုံး ၀န်ထမ်းများအား လုပ်ငန်းတာဝန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရန် အခွင့်အာဏာ များ ပေးပြီးဖြစ် သည့်အတွက် အားလုံးတာဝန်ကျေပွန်စွာ ဆောင်ရွက်ကြရန်လိုကြောင်း၊ ပေးထားသည့်အခွင့် အာဏာသည် ကိုယ့်တာဝန်ကိုယ် ကျေပွန်စွာဆောင်ရွက်နိုင်ရန် ပေးထားသည့်အခွင့်အရေးသာဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် မြန်မာသံအမတ်ကြီးမှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ပြီး မြန်မာသံရုံးအဆောက်အဦသစ်အား ကြည့်ရှုစစ်ဆေးသည်။ 

No comments:

Post a Comment