Wednesday, June 15, 2016

ပြည်သူလူထုထောက်ခံမှ နိုင်ငံခြားရေးမူဝါဒအောင်မြင်မည်၊ နိုင်ငံခြားရေးမူဝါဒအောင်မြင်မှ ပြည်သူလူထုကို ပံ့ပိုးနိုင်မည်



ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်၊ အာရှဒေသရှိမြန်မာသံအမတ်ကြီးနှင့်တွေ့ဆုံ
နေပြည်တော် ဇွန် ၁၅
မိမိတို့နိုင်ငံ၏ အကျိုး၊ ပြည်ပရှိမိမိနိုင်ငံသားများ၏ အကျိုးကိုမြန်မာသံရုံးများ၊ သံတမန်ဝန်ထမ်းများက ကာကွယ် စောင့်ရှောက် မှုပေးခြင်းဖြင့် နိုင်ငံ၏ဂုဏ်ကိုစောင့်ထိန်းကြရန် လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဒေါ်အောင် ဆန်းစုကြည် က ပြောကြားလိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အာရှဒေသရှိ မြန်မာသံအမတ်ကြီးများ တွေ့ဆုံ ဆွေးနွေး မှုကိုဇွန် ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပစဉ် ပြည်ထောင် စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာသံ အမတ်ကြီးများအား လမ်းညွှန်မှာကြားရာတွင် မိမိတို့ အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းနေချိန်ဖြစ်၍ မိမိတို့၏ နိုင်ငံတကာ ဆက်ဆံရေးတွင်လည်း ရုပ်ပိုင်းဆိုင်ရာစွမ်းရည် ထက် နှလုံးရည်၊ ဉာဏစွမ်းရည်တို့အပေါ် အားထားပြီး ကြိုးစားသွားရမည်ဖြစ်ကြောင်း၊  ပြည်သူလူထုဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း များအောင်မြင်ရန်အတွက် နိုင်ငံတကာ ဆက်ဆံရေးကောင်းမွန်ရန် မြန်မာသံအမတ်ကြီးများ အနေဖြင့် ပိုမိုအလေးထား လုပ်ဆောင်သွားရန်၊ ပြည်သူလူထုထောက်ခံမှ နိုင်ငံခြား ရေးမူဝါဒ အောင်မြင်မည်ဖြစ်ပြီး နိုင်ငံခြားရေးမူဝါဒအောင်မြင်မှ ပြည်သူလူထုကိုပံ့ပိုးနိုင် မည်ဖြစ်ကြောင်း စသည့်ဖြင့် ပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာသံအမတ်ကြီးများသည် အစိုးရသစ်၏ မူဝါဒများနှင့်စပ်လျဉ်း၍ လည်း ကောင်း၊ မြန်မာသံရုံးများ၏ ဆောင်ရွက်နေသည့် လုပ်ငန်းများ ညှိနှိုင်းရေး ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘရူနိုင်း၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ နီပေါ၊ တောင်ကိုရီးယား၊ ဂျပန်၊ တောင်အာဖရိကနှင့် အစ္စရေးလ် နိုင်ငံတို့မှ  မြန်မာသံအမတ်ကြီး(၁၈)ဦးနှင့် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်တို့ တက်ရောက် ခဲ့ကြသည်။
တွေ့ဆုံပွဲနှင့်စပ်လျဉ်း၍ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက “ကိုယ်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ဖို့ အပြင် ကိုယ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ပြည်ပမှာ စောင့်ရှောက်ဖို့ အဓိကဆွေးနွေးပါတယ်။သံတမန်ဝန်ထမ်းတွေအနေနဲ့ နိုင်ငံအကျိုးကို ကာကွယ် စောင့် ရှောက်ဖို့နဲ့ ပြည်ပမှာနည်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ နိုင်ငံသားတွေကိုကာကွယ် စောင့်ရှောက်ဖို့လည်း ဆွေးနွေး ကြပါတယ်။ သံအမတ်ကြီးတွေကလည်း လုပ်ငန်းဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ဖြစ်စေချင် တာတွေကို  ဆွေးနွေးကြပါတယ်။"
"ဒီလိုတွေ့ဆုံမှုမျိုးက အစဉ်အလာရှိတဲ့အပြင် အကျိုးလည်းရှိပါတယ်။ အခုလောလော ဆယ်မှာအာရှက သံအမတ်ကြီး တွေကို ခေါ်တွေ့တာပါ။ နောင်မှာလည်းဥရောပနိုင်ငံတွေ အပါအ၀င် တခြားသံအမတ်ကြီးတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ အဲဒီတွေ့ဆုံမှုတွေကနေပြည်တော်မှ ဖြစ်မလား၊ အခြားနေရာမှာ ဖြစ်မလားပြောလို့ မရသေးပါဘူး” ဟုသုံးသပ်ပြောကြားသည်။

No comments:

Post a Comment