နေပြည်တော် ဇွန် ၁၅
မိမိတို့အစိုးရသစ်အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး၊
ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေး ကိုရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ
တစ်ခု ပေါ်ပေါက်ရေးနှင့် ပြည်သူလူထု အများစု၏ လူနေမှုဘဝအဆင့်အတန်း
တိုးတက် မြင့်မားရေးမူဝါဒများနှင့်အညီ
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လိုက်လျောညီထွေသည့် ဘဏ္ဍာငွေအရအသုံးများကို ဘဏ္ဍာရေးနှစ်အလိုက်
အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြောကြားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင်
(၁/၂၀၁၆) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေး ခန်းမ၌
ကျင်းပရာဘဏ္ဍရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အဖွင့် အမှာစကားပြောကြားရာတွင်
ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတကယခုအစည်းအဝေးသည် မိမိတို့အစိုးရသစ်လက်ထက်တွင်
ပထမဦးဆုံးကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးဖြစ်ကြောင်း၊ ယခု အစည်းအဝေးတွင်ပြီးခဲ့သည့်
အစိုးရလက်ထက်က အတည်ပြုခဲ့သည့် ၂၀၁၆-၂၀၁၇ခု ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့်၂၀၁၆ခုနှစ်
ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း ကိုပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်သို့
တင်ပြအတည်ပြုရန်အဓိကဆွေးနွေးကြမည်ဖြစ်ကြောင်း။
၂၀၁၆ခုနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး
ဆိုင်ရာဥပဒေကို ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
(၃၃)ရက်မြောက်နေ့တွင် အတည်ပြုခဲ့ပြီးယခင်နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုးပြီးထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊
ယခင်ရေးဆွဲခဲ့သည့် ဘတ်ဂျက်မှာပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏
အနေအထားအရ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း။
မိမိတို့ အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးဌာန(၂၂)ခုဖြင့်
ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့ စည်းခဲ့ကြောင်း၊ ပြောင်းလဲသွားသည့် အခြေအနေနှင့်
ကိုက်ညီအောင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွက် ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေငွေစာရင်းများကို
ပြန်လည်ရေးဆွဲရန် လိုအပ်ကြောင်း။
ဘဏ္ဍာရေးကော်မရှင်အနေဖြင့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရ
အသုံးဆိုင်ရာ ဥပဒေကြမ်းရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ဘဏ္ဍာငွေခွဲဝေဆောင်ရွက်သည့်ကိစ္စများတွင်
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီစံနှုန်း သတ်မှတ်ချက်များဖြင့်စနစ်တကျတိုင်းတာ တွက်ချက်ပြီးအချိုးကျမျှတအောင်
ခွဲဝေပေး သွားမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ဘဏ္ဍာ ရန်ပုံငွေ၊ ပြည်ထောင်စုမှ
ဖြည့်ဆည်း ထောက်ပံ့ပေးသည့် ရငွေတို့ဖြင့်တိုင်းဒေသကြီး၊ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်
ရေးကို ဆောင် ရွက်ပေးပြီးနိုင်ငံတော်၏ ဖွံဖြိုးတိုး တက်မှုအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေး ကဏ္ဍများတွင် တိုးမြှင့်သုံးစွဲသွားမည်
ဖြစ်သည့်အပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လျှပ်စစ်မီး ရရှိရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊
အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး စသည့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်
မူဝါဒလမ်းစဉ်များချမှတ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ထို့ပြင် တယ်လီဖုန်းခေါ်ဆိုခများမှ ကောက်ခံရရှိသည့်
ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်သန်း ၇၅၀၀ ကို နိုင်ငံတော်အနေဖြင့်
ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိစေမည့် ကဏ္ဍများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊
ကနဦးအနေဖြင့် ပညာရေးအတွက် စတင်သုံးစွဲနေကြောင်း၊ နိုင်ငံ့ဘဏ္ဍာ ငွေသည် ပြည်သူ့ဘဏ္ဍာငွေဖြစ်ကြောင်း၊
အစိုးရများကကိုင်တွယ်ပြီး စီမံခန့်ခွဲရခြင်းဖြစ်ကြောင်း၊ ဘတ်ဂျက်လျာ ထားမှုကိုကြည့်ပါက
သက်ဆိုင်ရာနိုင်ငံ၊ သက်ဆိုင်ရာအစိုးရ၏ ဦးစားပေး အစီအစဉ်များကို သိရှိနိုင်ကြောင်း။
ဘတ်ဂျက်ကိုသုံးစွဲကြရာတွင် စနစ်တကျအလေအလွင့်အနည်းဆုံး
ဖြစ်အောင် အဆင့်ဆင့်ကြပ်မတ်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထုက ရွေးချယ်ပေးလိုက်သည့် အစိုးရဖြစ်သည့်အတွက်
ပြည်သူလူထု၏ ဘဏ္ဍာငွေများကို သုံးစွဲကြရာတွင် အမှန်တကယ် အကျိုးဖြစ်ထွန်းစေရန်၊ နိုင်ငံ့စီးပွားရေးဟန်ချက်ညီစေရန်၊
နိုင်ငံ့စီးပွား ကြွယ်ဝမှုမှတစ်ဆင့် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းမှုအတွက်
စီးဆင်းစေရန် အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခွဲဝေရရှိသည့် ပြည်သူ့ဘဏ္ဍာငွေများ
ကိုမည်သည့် နေရာတွင်မည်မျှသုံးမည်၊ မည်ကဲ့သို့သုံးစွဲနေသည်ကို ပွင့်လင်းမြင်သာ မှုရှိရှိအသိပေးကြရန်လိုကြောင်းပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌဒုတိယသမ္မတ
ဦးမြင့်ဆွေက လျော့နည်းသွားသည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၏ လစာစရိတ်၊ချီးမြှင့်ငွေ၊
အဆောင်အယောင်စရိတ်များကို လျှော့ချ ရေးဆွဲပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး
များ သာမန်အသုံးစရိတ်၏ ၂ရာခိုင်နှုန်းကို လျှော့ချခဲ့ပါကြောင်း၊ အသစ်ဖွဲ့စည်းခဲ့သည့်
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန
တို့၏ဖွဲ့စည်းပုံအရအသုံးစရိတ်များကိုထည့်သွင်းရေးဆွဲခဲ့ကြောင်း၊ ငွေလုံးငွေရင်းအသုံး
စရိတ်တွင် ယခင်လွှတ် တော်က အတည်ပြုထားပြီးဖြစ်သည့် ၂၀၁၆ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေနှင့်၂၀၁၆ခုနှစ်
ပြည်ထောင်စု ၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေတို့တွင် ပါဝင်သည့် အတိုင်းပြောင်းလဲခြင်းမပြုဘဲ
ရေးဆွဲခဲ့ပါကြောင်း။
ကြွေးမြီစာရင်းများကိုလည်း ၂၀၁၆ ခုနှစ်
ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေတွင်ပါဝင်သည့် အတိုင်းပြောင်းလဲခြင်းမပြုဘဲ
ရေးဆွဲထားပါကြောင်း၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ဖြည့်ဆည်းပေးသော တိုင်းဒေသကြီး/ပြည်နယ်
များ၏လိုငွေကိုလည်းမူလအတိုင်း ဖြည့်ဆည်းထားပါကြောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏အခွန်ရငွေစာရင်းရှိတယ်လီဖုန်းပြောဆိုခပေါ်တွင်
ကောက်ခံသည့် ကုန်သွယ် လုပ်ငန်းခွန်ရငွေမှ ငွေကျပ် ၇ဒသမ၅ဘီလီယံကို ပညာရေးဝန်ကြီးဌာန၏
အသုံးစရိတ်တွင် တိုးမြှင့်လျာထားကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့
အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းနှင့် မြန်မာ-အိန္ဒိယနယ်စပ် ခြံစည်းရိုး
ကာရံခြင်းအတွက်ခွဲဝေ ပေးထားသည့်ငွေလုံးငွေရင်း အသုံးစရိတ်ငွေကျပ် ၅ ဒသမ ၅၄ ဘီလီယံကိုလည်း
ပြင်ဆင်ခြင်းမပြုဘဲရေးဆွဲထားပါကြောင်းတင်ပြသည်။
ဆက်လက်၍ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌဒုတိယ
သမ္မတ ဦးဟင်နရီဗန်ထီးယူကနိုင်ငံတော်၏လိုငွေနှင့် GDPအချိုး၅ရာခိုင်နှုန်းမကျော်စေရန်နှင့်
ပြည်ထောင်စုမှတိုင်းဒေသကြီး၊ ပြည်နယ်များသို့သွင်းကုန်တင်သွင်းမှု အပေါ်ကောက်ခံ ရရှိသည့်
ငွေမှအပကုန်သွယ်လုပ်ငန်းခွန်များ၏ ၁၅ရာခိုင်နှုန်းကိုခွဲဝေပေးရန်တို့ကို ထည့်သွင်းစဉ်းစားပြီးလိုငွေဖြည့်ဆည်းခြင်းကိုလျာထားပါကြောင်း၊
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုမှတိုင်းဒေသကြီး၊ ပြည်နယ်များသို့ ထောက်ပံ့ ပေးရမည့်ငွေပမာဏမှာကျပ်
၁၆၈၈ ဒသမ ၂၁၉ ဘီလီယံဖြစ်ကြောင်းတင်ပြသည်။
ယင်းနောက် ဘဏ္ဍာရေးကော်မရှင်အတွင်းရေးမှူး
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ယခင်အစိုးရ လက်ထက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊
ပြည်နယ် များ၏ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်း များခွဲခြားရေးဆွဲခြင်း၊ ပြည်ထောင်စုနှင့်
တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်များအကြား ဘဏ္ဍာရေး ဆိုင်ရာဆက်နွယ်မှုများ၊ ပြင်ဆင်ရေးဆွဲထားသော
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ပထမအကြိမ် ပြည်ထောင်စု
လွှတ်တော်က အတည်ပြုပြဋ္ဌာန်း ခဲ့သော ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေအား
ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)တို့ကိုရှင်းလင်း တင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့်
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဒေသအလိုက် ဖြည့်ဆည်း
ဆောင်ရွက်ပေးရမည့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က
၂၀၁၆ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ပြည်ထောင်စု
လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးပြီပါက ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာအချက် အလက်များ
စာစောင် (Citizen's Budget)ကိုလည်း ထုတ်ဝေသွားမည် ဖြစ်ကြောင်းနှင့် ပြည်သူများအလွယ်တကူ
နားလည်အောင်၊ ပြည်သူများလက်လှမ်းမှီ သိရှိနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

No comments:
Post a Comment