Wednesday, June 15, 2016

“Sound Management of Natural Resources 2 " အလုပ်ရုံဆွေးနွေးပွဲကျင်းပ


နေပြည်တော် ဇွန်-၁၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက် (၉)နာရီက နေပြည်တော်၊ Grand Amara Hotel ၌ ကျင်းပသည့် Workshop “ Sound Management of Natural Resources 2 “ သို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မွန်ဂိုလီးယားနိုင်ငံ တို့သည် ၁၉၅၆ ခုနှစ်ကတည်းက သမိုင်းဝင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပြီး နယ်ပယ်အတော် များများတွင် လေးလေးနက်နက်ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပါကြောင်း၊  လွန်ခဲ့သောနှစ်က နှစ်နိုင်ငံ ခေါင်း ဆောင်များသည် ကုန်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ခရီးသွားလုပ်ငန်းနယ်ပယ်များတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆန္ဒပြုခဲ့ကြပါကြောင်း၊ မွန်ဂိုလီးယားနိုင်ငံသည် သဘာဝသယံဇာတများ ပေါကြွယ်ဝပြီး သတ္တုကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း သတ္တုသယံဇာတပေါကြွယ်ဝမှုနှင့်အတူ သတ္တုကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ရာတွင် နိုင်ငံတကာစံနှုန်းများအတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တွင်းထွက်သယံဇာတများ တူးဖော်ထုတ်လုပ်ရာတွင် ပွင့်လင်းမြင်သာမှုရှိရေးအတွက် နိုင်ငံတကာ စံနှုန်းတစ်ခုဖြစ်သော Extractice Industry Transparency Initiative (EITI) အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် (၂.၇.၂၀၁၄)နေ့တွင် သတ်မှတ် ခံရပြီး  ပထမအကြိမ် EITI အစီရင်ခံစာကို ၂၀၁၆ နှစ်အစောပိုင်းတွင် တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊  ဒုတိယမြောက် EITI အစီရင်ခံစာကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊  မွန်ဂိုလီးယားနိုင်ငံသည် ၂၀၁၀ ခုနှစ်တွင် EITI တင်းပြည့်နိုင်ငံဖြစ်လာခဲ့သဖြင့် မြန်မာနိုင်ငံအနေဖြင့် မွန်ဂိုလီးယားနိုင်ငံ၏ ဆောင်ရွက်ချက်များအား လေ့လာနိုင်ခဲ့ပါကြောင်း၊  ယခုတက်ရောက်လာသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သဘာဝသယံဇာတများ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အတွေ့အကြုံများ ဆွေးနွေးဖလှယ်ပေးနိုင်ပါရန် ဆန္ဒပြုပါကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် မွန်ဂိုလီးယားနိုင်ငံ၊ သတ္တုတွင်းဆိုင်ရာဝန်ကြီး H.E Mr. Jigid R. နှင့် နော်ဝေ နိုင်ငံ၊ Oslo Center မှ Mr. KjellMagneBondevik တို့က အမှာစကားပြောကြားကြသည်။
ပြီးနောက် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲမြင့်ဆွေ က မြန်မာနိုင်ငံ၏ သတ္တုတွင်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းပြောကြားသည်။
၎င်းနောက် ဘူတန်နိုင်ငံ၊ ဝန်ကြီးချုပ်ဟောင်း H.E Mr. Jigme Thinley က ဘူတန်နိုင်ငံ၏ သယံဇာတ တူးဖော်မှုများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအခြေအနေများ၊ သတ္တုလုပ်ငန်းတွင် အစိုးရနှင့် ပုဂ္ဂလိက ခွဲဝေမှု အချိုးများအကြောင်းကို ရှင်းလင်းတင်ပြသည်။
နေ့လည် (၁)နာရီတွင် မွန်ဂိုလီးယားနိုင်ငံ၊ သမ္မတ H.E Mr. Elbegdorj Ts., သည် အဆိုပါဆွေးနွေးပွဲသို့ ရောက်ရှိလာပြီး  အမှာစကားပြောကြားကာ တက်ရောက်လာသူများ နှင့်  ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးမှ သက်ဆိုင်ရာကဏ္ဍအလိုက် စုပေါင်း ဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးပွဲသို့ အိမ်ရှင်မြန်မာနိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ တီမော လက်တေ့စ်နိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ရုရှားနိုင်ငံတို့မှ ဌာနအကြီးအကဲများ၊ ပညာရှင်များ တက်ရောက် ဆွေးနွေးကြပြီး ဆွေးနွေးပွဲအား ဇွန်လ (၁၆)ရက်နေ့တွင် ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment