Friday, June 24, 2016

နိုင်ငံသူနိုင်ငံသားများအားလုံး ထိုင်းနိုင်ငံ၏ ဥပဒေဘောင်အတွင်းမှ ရသင့် ရထိုက်သည့်အခွင့်အရေးများရရှိရန် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ဗန်ကောက်  ဇွန်  ၂၃
မိမိတို့ နိုင်ငံသူနိုင်ငံသားများအားလုံး ထိုင်းနိုင်ငံ၏ ဥပဒေဘောင်အတွင်းမှ ရသင့် ရထိုက်သည့် အခွင့်အရေးများရရှိရန် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၎င်း၏ထိုင်းနိုင်ငံခရီးစဉ်အစတွင် မဟာချိုင် မြို့သို့ သွားရောက်၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) C of I ရရှိရန် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း၊ နောင်တွင်လည်း နိုင်ငံကူးလက်မှတ်များထုတ်ပေးရန် အစီအစဉ်များရှိ ကြောင်း၊ ထိုင်းနိုင်ငံသို့ လာရောက် ရခြင်းမှာ နှစ်နိုင်ငံ အကြားနားလည်မှု ပိုရရှိစေရန်နှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် စေရန်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရန် နိုင်ငံသူနိုင်ငံသားများ အကြားနှင့် အစိုးရအချင်းချင်း အကြားတွင် နားလည်မှု၊ ချစ်ကြည်မှုရှိရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကာယကံရှင်များ၏ အသံကို နားထောင်ပြီး ဘာလုပ်ပေးသင့်သည်၊  ဘာလုပ်နိုင်သည်ကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ အရေးကြီးသည်မှာ မိမိတို့နိုင်ငံသူနိုင်ငံသားများ လုံလုံခြုံခြုံဖြင့် မိမိလုပ်ငန်းခွင်အတွင်း အလုပ်လုပ်နိုင်ရန်ဖြစ်ကြောင်း၊ ပြဿနာသည် အရေးမကြီးဘဲ ဖြေရှင်းပုံဖြေရှင်းနည်း ကသာ အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံသူ/နိုင်ငံသားများအတွက် အဆင်ပြေစေချင် သကဲ့သို့ အိမ်ရှင်နိုင်ငံအတွက်လည်း အဆင်ပြေစေလိုကြောင်း၊ သို့မှသာ မိမိတို့၏ ဒေသသည် ရေရှည်တွင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုး တက်နိုင်မည်ဖြစ်ကြောင်း၊ အားလုံးအတူတူ ဖွံ့ဖြိုးတိုးတက်အောင် လက်တွဲဆောင်ရွက်နေကြသည့် နိုင်ငံများဟု မြင်မှသာ တိုးတက်နိုင်မည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှသည် နိုင်ငံလတ်၊ နိုင်ငံငယ်များ စုပေါင်းထားသည့် ဒေသဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး ညီညွတ်မှု၊ နားလည်မှုရှိရန် လွန်စွာအရေးကြီးကြောင်း ပြောကြား သည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုင်းအစိုးရ၏ အလုပ်သမား အခွင့်အရေးဥပဒေများကို လေးစား လိုက်နာကြရန်နှင့် သိရှိနားလည်အောင်ကြိုးစားရန်၊ အချင်းချင်းရိုင်းပင်းကူညီကြရန်၊ တာဝန်သိသူဖြစ်ရန်နှင့် စည်းစည်းလုံးလုံး နေထိုင် သွားကြရန်လည်း ရွှေ့ပြောင်းအလုပ်သမားကို မှာကြားခဲ့သည်။
ထို့အတူ မြန်မာသံရုံးမှတာဝန်ရှိသူများကိုလည်း မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုလုပ်ကိုင်သည့် စက်ရုံ၊ အလုပ်ရုံများသို့ ပုံမှန်လှည့်လည်ကြည့်ရှု၍ ပြဿနာများ ဖြေရှင်းပေးရန် မှာကြားသည်။
ထို့နောက် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများက လုပ်အားခ တန်းတူညီမျှရရှိရေးနှင့် သက်သေခံအထောက်အထားများပြုလုပ်ရာတွင် တွေ့ကြုံ ရသည့် အခက်အခဲများကို တင်ပြကြသည်။
ယင်းတင်ပြချက်များအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိနိုင်ငံသား များ၏ ပြဿနာသည် မိမိတို့အစိုးရအပေါ်တွင် တာဝန်ရှိကြောင်း၊ ပြစ်ပယ်ထားခြင်း၊ မသိသလိုနေခြင်း ပြုလုပ်မည်မဟုတ်ကြောင်း၊ တတ်နိုင်သမျှ တရားဥပဒေဘောင် အတွင်းမှ ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြား သည်။
အဆိုပါတွေ့ဆုံပွဲသို့ ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်း အလုပ်သမား တစ်သောင်းကျော် လာရောက်ခဲ့ကြသော်လည်း အလုပ်သမား ၅၀၀ ခန့်သာ တွေ့ဆုံခွင့် ရရှိခဲ့ကြသည်။
ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်၍ အလုပ်လုပ်ကိုင်နေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၂ သန်းခန့်ရှိပြီး အထောက်အထားမဲ့ မြန်မာ အလုပ်သမားများစွာရှိနေကြောင်း သိရသည်။

No comments:

Post a Comment