Saturday, June 25, 2016

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် - ဇွန်  ၂၅
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၁)နာရီတွင် ရွှေတိဂုံစေတီ တော်ဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက  ဂေါပကအဖွဲ့ပြင်ဆင်ဖွဲ့စည်းခြင်း ဆိုသည်မှာ တစ်ခါထဲ ဆုံးဖြတ်ပြီး ဖွဲ့စည်း၍မရနိုင်ကြောင်း၊ ဂေါပကအဖွဲ့၏ လက်ရှိရေးဆွဲထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လိုက်လျောညီထွေမှုရှိ-မရှိ တို့ကိုအခြေခံပြီး ပြုပြင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပြင်ဆင်စရာရှိသည်များကိုလည်း ဂေါပက အဖွဲ့ ၊ သာသနာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ညှိနှိုင်းပြီး မြန်မြန်ဆန်ဆန်ပြုပြင်ကာ ပြဋ္ဌာန်းမှုလုပ်ရ ကြောင်း၊ ပြဋ္ဌာန်းချက်ဖြစ်ပေါ်လာသောအခါ စေတီတော်ကြီးကို ထိန်းသိမ်းသည့်လုပ်ငန်းများ၌ ဆောင်ရွက်မည့်ဂေါပက အဖွဲ့ကို အတည်ပြု ဖွဲ့စည်းရန်သင့်မည်ဟုထင်ပါကြောင်းဖြင့် အကြံပြုပြောကြားသည်။
ဆက်လက်၍ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ရွှေတိဂုံစေတီ တော်ဂေါပကအဖွဲ့ ပြင်ဆင်ဖွဲ့စည်း ခြင်းနှင့်ပတ်သက်၍ လက်ရှိစည်းမျဉ်းစည်းကမ်းနှင့် အနေအထား၊ လျာထားသည့်စည်းမျဉ်းမူကြမ်း၊ လျာထားသည့် စည်းမျဉ်းဆောင်ရွက်မှုများကို အပိုင်းလိုက် ရှင်းလင်းတင်ပြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်(စီမံ)  ဦးစိန်ဝင်းအောင်က ဂေါပကအဖွဲ့မှ ဆောင်ရွက်ထားရှိမှုလုပ်ငန်းရပ် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက ရွှေတိဂုံစေတီတော်ကြီး တည်တံ့ ခိုင်မြဲရေးနှင့် စပ်လျဉ်းသည့်အကြံပြုချက်များ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အကြံပြုချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားပြီး ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါအစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဂေါပကအဖွဲ့မှတာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။ 

No comments:

Post a Comment