Wednesday, June 29, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၂၉
နှစ်နိုင်ငံပြည်သူများအနေဖြင့် ကူးလူးဆက်ဆံ သွားရောက်၍ အလုပ်လုပ်ကိုင် ကြရာတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော် က ပြောကြားလိုက်သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်) ၀ုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၃နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။
ရံဖန်ရံခါတွင် အကြောင်းကြောင်းကြောင့် ဖြစ်ပွားတတ်သည့် ကိစ္စရပ်များကိုမူ နားလည်ပေးရန် မေတ္တာရပ်ခံလိုကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြား ခဲ့ရာ ဧည့်သည်တော် ဒုတိယ၀န်ကြီးချုပ်က ထိုင်းနိုင်ငံတွင် လက်ရှိအချိန်၌ မြန်မာအလုပ်သမား တစ်သန်းကျော်ရှိနေသော်လည်း မှုခင်းဖြစ်ပွားမှု တစ်ရာကျော် ခန့်သာရှိ၍ ပြဿနာဖြစ်ပွားမှု ပမာဏများပြားခြင်း မရှိပါကြောင်း ပြန်လည်ပြောကြား သည်။
ဆက်လက်၍ နှစ်နိုင်ငံ ကာကွယ်ရေး ၀န်ကြီးဌာနများနှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် ပူးပေါင်း၍ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံရဲတပ်ဖွဲ့များ လေ့ကျင့်သင်ကြားရေး၊ အကြမ်းဖက်နှိမ် နင်းရေး၊ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများ နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များအား မူရင်းနေရပ်များသို့ ပြန်လည်ခေါ်ဆောင် နိုင်ရေးအတွက် နှစ်နိုင်ငံအစိုးရ အချင်းချင်း ပူးပေါင်း၍ မူရင်းနေရပ်များတွင် အခြေအနေကောင်းများ ဖန်တီးပေးနိုင်ရေး၊ မြ၀တီနယ်စပ် ချစ်ကြည်ရေးတံတား အမြန်ပြီးစီးအောင် တည်ဆောက်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုပမာဏအား ၂၀၁၇ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ တိုးမြင့်လာစေရေးတို့ကို ဆွေးနွေးကြ သည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာ ဖေမြင့်၊ ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဧည့်သည်တော် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဆောင်သည့် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ ပီစနု ဆူဗာ နာဂျတာ လည်းတက်ရောက်သည်။

No comments:

Post a Comment