Wednesday, June 29, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ


နေပြည်တော် ဇွန် ၂၉
မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုသည် ဒေသတွင်းသာမက နိုင်ငံတကာ မျက်နှာစာတွင်ပါ စံပြချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးမျိုး ဖြစ်လာစေရန် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က ပြောကြားလိုက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်) ၀ုန်ဆူဝန် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံစဉ် ထိုသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။
ထို့ပြင် နှစ်နိုင်ငံ နယ်နိမိတ်ဆိုသည်မှာ ပိုင်းခြားထားခြင်းမဟုတ်ဘဲ ဖွံ့ဖြိုး တိုးတက်မှုများကို နှစ်ဦးနှစ်ဖက် အတူတူ မျှဝေခံစားနိုင်ရန် ဖန်တီး ပေးထားခြင်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ဆက်လက်ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီး ကျွမ်းဝင်မှုသည် မောင်နှမရင်းချာ ဆက်ဆံရေးအဆင့်အထိ တိုးမြင့်လာစေရေး၊ နှစ်နိုင်ငံနယ်နိမိတ် တိုင်းတာရေးကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် နှစ်နိုင်ငံပူးတွဲ နယ်နိမိတ်ကော်မတီ အစည်းအဝေးများ မြန်မာနိုင်ငံတွင် အမြန်ဆုံးကျင်းပနိုင်ရေး၊ မြန်မာ အလုပ်သမားများအား ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ပေးရေးနှင့် အငြင်းပွားမှု၊ နစ်နာမှုများရှိပါက အမြန်ဆုံးဖြေရှင်း ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့် ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်မှု လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ရဲတပ်ဖွဲ့များအကြား လေ့ကျင့်ရေးဆိုင်ရာ အစီအစဉ်များ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ ထိုင်းနိုင်ငံမှ နေရပ်သို့ ပြန်လိုသည့် လူဦးရေ(၁၉၆)ဦးအား မူရင်းနေရပ်သို့ ပြန်လည်ခေါ်ယူရန် မြန်မာနိုင်ငံ အစိုးရက ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်၍ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်ပြီး ပြန်လည်နေရာ ချထားရေး ကိစ္စရပ်များကို ဆွေးနွေးကြ သည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးသိန်းဆွေနှင့် ဒုတိယ၀န်ကြီး ဦးကျော်တင်တို့ တက်ရောက်ကြပြီး ဧည့်သည်တော် ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီး ဦးဆောင်သည့် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ ပီစနု ဆူဗာနာဂျတာလည်း တက်ရောက်သည်။

No comments:

Post a Comment