Saturday, June 18, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ဆုံ


နေပြည်တော်  ဇွန်  ၁၇
မိမိတို့သည် ဥပဒေပြုရေး မဏ္ဍိုင်မှ ကိုယ်စားလှယ်များဖြစ်သည့်အတွက် ဥပဒေကို  လေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် တည်ဆဲဥပဒေများကို လိုက်နာကျင့်သုံးရမည်ဖြစ်ပါကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်နယ်လွှတ်တော်အစည်း အဝေးခန်းမ၌ တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ လွှတ်တော်သည် ပြည်သူများက ၎င်းတို့၏ လုပ်ပိုင်ခွင့်ကို ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များထံ ပေးအပ်ထားခြင်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် အချုပ်အခြာအာဏာ သည် ပြည်သူ့ထံမှဆင်းသက်သည်ဆိုခြင်းသည် ဒီမိုကရေစီ၏ အခြေခံမူဖြစ်ပါ ကြောင်း၊ ပြည်သူ့ထံမှ ဆင်းသက်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးအာဏာသုံးရပ်တွင် မိမိတို့က ဥပဒေပြုရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရပါကြောင်း၊ မိမိတို့သည် လွှတ်တော်ကိုယ်စားလှယ်များဖြစ် သည့်အတွက် ဥပဒေပြုရေးအာဏာကို အကောင်အထည်ဖော်ဆောင်ရွက်ရ သော်လည်း အုပ်ချုပ်ရေးနှင့်တရား စီရင်ရေး အာဏာများတွင် ဝင်ရောက် စွက်ဖက်ခွင့်မရှိပါကြောင်း။
ဥပဒေပြုရေးအပိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လုပ်ပိုင်ခွင့်တာဝန်နှင့် ကျင့်ဝတ်များရှိပါကြောင်း၊ လုပ်ပိုင်ခွင့်အပိုင်း၌ မေးခွန်းများမေးမြန်း ခြင်း၊ အဆိုများနှင့် ဥပဒေကြမ်းများတင်သွင်းနိုင်ပါကြောင်း၊ ကျင့်ဝတ်သိက္ခာ အပိုင်း၌ ကိုယ်စားလှယ်တစ်ယောက်၏ ကျင့်ဝတ်သိက္ခာနှင့်အညီ လေးစား လိုက်နာကျင့် သုံးရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အပေါ်တွင် အလွဲသုံးစားမပြုလုပ်ရန် လိုအပ်  ပါကြောင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ရိုးသားမှန်ကန် စွာဖြင့် ကျင့်သုံးရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံရှိ မဲဆန္ဒရှင်ပြည်သူများသည် ဆင်းရဲနွမ်းပါး၍ တိုင်းပြည်မှာ လည်း ဆင်းရဲချို့တဲ့ နေသည့်အတွက် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို လိုအပ်သည်ထက်ပို၍ ခံစားမနေသင့် ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရိုးသားဖြောင့်မတ်မှုကို အခြေခံ၍ ဆောင်ရွက်သင့်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်တင်အိတို့က လွှတ်တော် လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

No comments:

Post a Comment