Friday, June 10, 2016

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး



နေပြည်တော် ဇွန် ၁၀

မြန်မာနိုင်ငံလူငယ်မူဝါဒရေးဆွဲရေးဗဟိုကော်မတီနှင့် မြန်မာနိုင်ငံလူငယ်မူဝါဒ မူကြမ်း ရေးဆွဲရေးအဖွဲ့များ ဖွဲ့စည်း၍ လူငယ်များကိုယ်တိုင် ပါဝင်ရေးဆွဲနိုင်ရေးအတွက်ဆောင်ရွက် လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့အစည်းအဝေး တွင် ဖြေကြားခဲ့သည်။


တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၏ ပြည်ထောင်စု အစိုးရအနေဖြင့် လူငယ်ရေးရာ မူဝါဒတစ်ရပ်ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော် ဆောင် ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၁၇ ဒသမ ၈၁ ရာခိုင်နှုန်းသည် အသက် ၁၅နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်များဖြစ်ပါ ကြောင်း၊ လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားသည့် အင်အားစု တစ်ရပ် ဖြစ်သည့်အပြင် အနာဂတ်ခေါင်းဆောင် များလည်း ဖြစ်ပါကြောင်း။

ယနေ့ခေတ်တွင် အရည်အသွေးပြည့်ဝသည့် လူငယ်အဖွဲ့အစည်းများကို ပိုင်ဆိုင် သည့် နိုင်ငံများသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ဆက်လက်ဖွံ့ဖြိုးတိုး တက်မည့် အလားအလာကောင်းများကိုလည်း တွေ့မြင်နေရပြီဖြစ်ပါကြောင်း၊ ထိုကြောင့် လူငယ်များကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြု မည့် နိုင်ငံ့သားကောင်းများအဖြစ်သို့ ရောက်ရှိစေရန် စနစ်တကျ ပြုစုပျိုးထောင်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ကမ္ဘာပေါ်တွင် လူငယ်မူဝါဒရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိ သည့် နိုင်ငံပေါင်း ၃၀ ကျော်အနက် မြန်မာနိုင်ငံသည်လည်း တစ်ခုအပါအ၀င် ဖြစ်ပါ ကြောင်း၊ လူငယ်မူဝါဒရေးဆွဲနိုင်ခြင်းမရှိသည့် နိုင်ငံများတွင် လူငယ်များ၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များ၊ အမြင်များအပေါ်အခြေခံ၍ လုံလောက်သည့် တုံ့ပြန်မှုများ ဆောင်ရွက် ပေးမှု အားနည်းသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ နိုင်ငံတွင် လူငယ်မူဝါဒရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အဆောက်အအုံကောင်းများနှင့် အထောက်အကူပေးမည့် ၀န်းကျင်တစ်ခုကို ဖြည့်ဆည်း ပေးနိုင်မည့်အပြင် နိုင်ငံ၏ အမျိုးသားရေး ရည်မှန်းချက်များ၊ ဦးစားပေးအစီအစဉ်များနှင့် ဒီမိုကရေစီလမ်းစဉ်ဖော်ဆောင်ရေးတို့တွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။

လူငယ်မူဝါဒကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၏ ရက် ၁၀၀ စီမံကိန်းတွင် ဦးစားပေးလုပ်ငန်းအဖြစ် ဧပြီလ ၂၁ ရက်မှစတင် အကောင် အထည်ဖော်လျက်ရှိပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလကုန်တွင် မူကြမ်းထွက်ရှိရန် လျာ ထားကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

ထိုပြင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်းက ဇွန်လ ၁၁ ရက်မှ ၁၃ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ကျင်းပမည့် မြန်မာလူငယ်ဖိုရမ် နှင့်စပ်လျဉ်းပြီး ၀န်ကြီးဌာနမှ လူငယ်ထုနှင့် မည်သို့ချိတ်ဆက်ဆောင်ရွက်နေသည်ကို သိရှိ လိုကြောင်း ဆက်လက်မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရက်(၁၀၀) စီမံ ကိန်း၏ ဦးစားပေးအစီအစဉ်အနေဖြင့် မူဝါဒရေးဆွဲရေးကို အကောင်အထည်ဖော်ဆောင် ရွက်ရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မုံရွာမြို့၌ကျင်းပမည့် လူငယ်ဖိုရမ်ကိုလည်း ၀န်ကြီးဌာန (၃)ခုမှ ကိုယ်စားလှယ်တက်ရောက်၍ ဆွေးနွေးပွဲမှရရှိသည့် အချက်အလက်များအပေါ် မူ တည်ပြီး လူငယ်မူဝါဒရေးဆွဲရေးအတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် ကော်မတီ များက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။


ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များကို လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။

No comments:

Post a Comment