Sunday, June 26, 2016

ပြောင်းလဲနေသည့်ခေတ်စနစ်ကို ထင်ဟပ်အားကောင်းစေမည့် တေးသီချင်းများ ရေးသားထုတ်လွှင့်နိုင်ရေး တွေ့ဆုံဆွေးနွေး


ရန်ကုန် ဇွန် ၂၅
တေးသီချင်းများကို ဂီတအသံနှင့် ပေါင်းစပ်လိုက်ပါက ပိုပြီးအားကောင်း ထိရောက်မှုရှိလာမည်ဖြစ်ပြီး တေးသီချင်း၊ ဂီတအသံနှင့် ရုပ်မြင်သံကြား ပူးပေါင်းလိုက်သည့်အခါ ပိုပြီးသက်ရောက်မှု ရှိလာ မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။

ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တေးရေးပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် တေးရေး ဂီတပညာရှင်ကြီးများအား တေးသီချင်းများ ရေးသားပေးရန် အကူအညီ တောင်းလိုပါကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် အများပြည်သူနှင့် ဆက်ဆံသည့် အခါ အားရှိသည့် မီဒီယာတစ်ခုဖြစ်သည်ဟု မြင်ပါကြောင်း၊ နိုင်ငံရေးခေတ်စနစ် ပြောင်းလဲလာသည့် အခြေအနေတွင် အနုပညာခံစားမှုများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် ပြည်သူများအား တွေ့မြင်စေလိုပါကြောင်း။
ပြောင်းလဲနေသည့် ဒီမိုကရေစီ ခေတ်စနစ်ကို ထင်ဟပ်အားကောင်းစေမည့် တေးသီချင်းများကို ရေးသားထုတ်လွှင့်စေ လိုပါကြောင်း၊ တေးရေး၊ တေးဆိုပညာရှင်များ၏ လုပ်ငန်းအခက်အခဲများအား ဝန်ကြီးဌာနဘက်မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ပြောင်းလဲနေ သည့်ကာလတွင် တေးဂီတဆိုင်ရာ လိုအပ်နေသောကွက်လပ်အား ဝိုင်းဝန်း ဖြည့်ဆည်းပေးစေလိုပါကြောင်း၊ အဆိုပါရည်ရွယ်ချက်များဖြင့် တွေ့ဆုံခြင်းဖြစ်ပြီး အကြံဥာဏ်များကိုလည်း ပေးစေ လိုပါကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆက်လက်ပြောကြားသည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တေးရေးပညာရှင်များက တေးဂီတလောက ဖွံ့ဖြိုးတိုးတက် ရေးနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး ဥက္ကဋ္ဌနှင့် ဗဟိုအလုပ် အမှုဆောင်များ၊ တေးရေးပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ရေကူးအသံလွှင့်စက်ရုံတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

No comments:

Post a Comment