Sunday, June 26, 2016

ပြည်ပတွင်ရောက်ရှိနေသည့် နိုင်ငံသားအားလုံးသည် အိမ်ရှင်နိုင်ငံ၏ ဥပဒေစည်းကမ်းများအတိုင်း နေထိုင်သွားကြရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အားမှာကြား


ဗန်ကောက် ဇွန် ၂၅
ထိုင်းနိုင်ငံ၌ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၏ဇနီး လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နခွမ်းပထုမ်ခရိုင် ဘန့်ဟိုးအောင် စံပြကျေးရွာနှင့် SAMPRAN Riverside တို့သို့ သွားရောက်၍ သဘာဝနည်းကျစိုက်ပျိုးထုတ်လုပ်မှု၊ ဇီဝမြေသြဇာထုတ်လုပ်မှု၊ လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနှင့် သဟဇာတဖြစ်သော ပေါင်းစည်းလယ်ယာစနစ် လုပ်ကိုင်နေမှုနှင့် ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာသည်။


ထို့နောက် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘန့်ဟိုးအောင် စံပြကျေးရွာအနီး အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများအား တွေ့ဆုံ၍ ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာသံရုံး၌ Assumption University မှ မြန်မာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံပြီး မိမိနိုင်ငံသားများဒုက္ခရောက်လျှင် ကူညီကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ တာဝန်သည် နိုင်ငံသူနိုင်ငံသား အားလုံးနှင့်သက်ဆိုင်ကြောင်း၊ ယခု ထိုင်းနိုင်ငံ တွင် ရောက်ရှိနေကြသည့် နိုင်ငံသားအချင်းချင်း အပြန်အလှန် ကူညီစေလိုကြောင်း၊ အထူးသဖြင့် ရွှေ့ပြောင်း အလုပ်သမားများနှင့် ဒုက္ခသည်များကို တတ်နိုင်သည့်ဘက်က ကူညီပေးစေလိုကြောင်း၊ ကျောင်းသားများ အနေဖြင့် အသက်အရွယ် ငယ်ရွယ်စဉ်ကပင် ပရဟိတစိတ်ဓာတ် ရှိရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ကိစ္စ အားလုံးသည် မိမိတို့နှင့်သက်ဆိုင်ကြောင်း၊ ပြောရမည်ဆိုပါက လူသားများ၏ကိစ္စသည် မိမိတို့နှင့်ဆိုင်ကြောင်း၊ မိမိတို့ ရရှိထားသည့် အထူးအခွင့်အရေးကို အများအကျိုးအတွက် အသုံးချစေလိုပါကြောင်း၊ နိုင်ငံ၏ ဂုဏ်သိက္ခာကို စောင့်ထိန်းရန်မှာ နိုင်ငံသူ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ပါကြောင်း၊ ပြည်ပတွင် ရောက်ရှိနေသည့် နိုင်ငံသူ နိုင်ငံသားအားလုံးသည် မိမိတို့နိုင်ငံ၏သံတမန်များဟုပြောလျှင်မမှားကြောင်း၊ ထို့ကြောင့် အိမ်ရှင်နိုင်ငံ၏ ဥပဒေစည်းကမ်းများအတိုင်း နေထိုင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေ သည့် အဖွဲ့အစည်း ၁၃ ဖွဲ့မှ တာဝန်ရှိသူများအား မြန်မာသံရုံး၌ ဆက်လက်တွေ့ဆုံပြီး ရွှေ့ပြောင်းအလုပ်သမား များ၏ ပညာရေး၊ ကျန်းမာရေး၊ ထိုင်းနိုင်ငံက သတ်မှတ်ထားသည့် အလုပ်သမား အခွင့်အရေးများအား ဥပဒေ ဘောင်အတွင်းမှ အပြည့်အဝရရှိရေး၊ ရွှေ့ပြောင်း အလုပ်သမားများနှင့် သက်ဆိုင်သည့် အထောက်အထား စာရွက်စာတမ်းများ ရရှိရေး၊ အနိမ့်ဆုံးလုပ်ခလစာရရှိရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာရာ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံဆိုင် ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ သံရုံးမိသားစုများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ရန်ကုန်မြို့သို့ ညပိုင်းတွင် ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။

No comments:

Post a Comment