Friday, June 17, 2016

"ပြင်သစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ယဉ်ကျေးမှုတွင်သာမက နိုင်ငံရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများတွင် ကူညီဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်"


ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်
"ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် ပြင်သစ်နိုင်ငံက ကူညီ ထောက်ပံ့ရန် အဆင်သင့်ရှိ"
ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးမစ္စတာဂျီးမာ့ခ်အီရောင်
နေပြည်တော် ဇွန် ၁၇
ပြစ်သစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အပေါ်ကူညီ ပေးနေသည့် ဖွံ့ဖြိုးရေး ငွေကြေး ပမာဏကို မြှင့်တင်ရန် အစီအစဉ် ရှိပြီး ယူရိုသန်း ၂၀၀ ကူညီရန် ရှိကြောင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဂျီးမာ့ခ်အီရောင် (Mr. Jean-Marc Ayrault) ကပြောကြား လိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာဂျီးမာ့ခ်အီရောင်တို့သည် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန အစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် သတင်းစာရှင်း လင်းပွဲပြုလုပ်စဉ် ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးကအထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြစ်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD အနေဖြင့် လည်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်မှုများရှိနေ ပါကြောင်း၊ အထူးသဖြင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍနှင့် ကျန်းမာရေး ကဏ္ဍများတွင် ကူညီဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လိုအပ် နေသည့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း ကူညီဆောင်ရွက်ပေး နေသည့် ကိစ္စ ရပ်များရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လူနေမှုဘ၀များ တိုးတက်ရန်အတွက် အကူအညီကို နှစ်ဆတိုးမြှင့်ခဲ့ပါကြောင်း ဆက်လက်ပြောကြားသည်။
ထို့ပြင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကအစိုးရမဟုတ်သည့် အဖွဲ့အစည်းများလည်း မြန်မာနိုင်ငံ တွင် လုပ်ကိုင် လျက်ရှိပါကြောင်း၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့်အခြားကဏ္ဍများစွာတွင် ဖွံ့ဖြိုးတိုး တက်ရန် နှစ်နိုင်ငံအကြားပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊ ပြစ်သစ်ယဉ်ကျေးမှုဌာန တည်ထောင်ခဲ့သည့် ၅၅ နှစ်မြောက် ယဉ်ကျေးမှုပွဲတော်ကြီး ကိုလည်း ယခုနှစ်တွင်ကျင်းပရန် စီစဉ်ထားပါကြောင်း၊ ရန်ကုန်မြို့တွင်ရှိသည့် ပြင်သစ်ကျောင်းကိုယခုထက် ပိုမိုကြီးမား သည့် ကျောင်းဖြစ်အောင် ဆောင်ရွက်လိုပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်  လာရောက် သည့် ပြင်သစ်ကုမ္ပဏီများမှာတဖြည်းဖြည်းနှင့် ပိုမိုများပြားလာလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံတွင်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုးတက်မှုအတွက် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေသည့်ကိစ္စရပ်များအပေါ် ပြစ်သစ်နိုင်ငံအနေဖြင့် ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံတွင်ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ရန် များစွာမျှော်လင့် ပါကြောင်း၊ မြန်မာနိုင်ငံ၏ အင်အားမှာ ပြည်သူလူထုဖြစ်ပြီးပြည်သူလူထုအင်အားဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကိုအောင်မြင် အောင်ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အင်အားဖြစ်သည့် ပြည်သူလူထုကိုလည်း ပြစ်သစ်နိုင်ငံကအမြဲတမ်းထောက်ပံ့ အားပေးလျက်ရှိ ပါကြောင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မိမိတို့နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့ သည် ကောင်းမွန် သောဆက်ဆံရေးများရှိပါကြောင်း၊ မိမိတို့သည် ပြင်သစ်နိုင်ငံ၏ ယဉ်ကျေးမှုကို စိတ်ဝင်စားပါကြောင်း၊ ပြင်သစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအတွက် ယဉ်ကျေးမှုတွင် သာမက နိုင်ငံရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများတွင် ကူညီဆောင်ရွက် ပေးခဲ့သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများ၏ မေးမြန်းမှုများနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သစ်နိုင်ငံကလေးစားပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံရေး ပြုပြင်ပြောင်း လဲမှု လုပ်ငန်းစဉ်နှင့် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့မှုကိုအသိ အမှတ်ပြု ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကိုအသိအမှတ်ပြု ထောက်ခံပါကြောင်း။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နှင့် လည်းဆွေးနွေး ခဲ့ပါကြောင်း၊ ပြင်သစ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက် လိုပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်အမျိုးသားရင်ကြားစေ့ရေးအတွက် ပြင်သစ်နိုင်ငံကိုအကူ အညီတောင်းခံပါက ကူညီထောက်ပံ့ရန် အဆင်သင့်ရှိနေပါကြောင်း။
မြန်မာနိုင်ငံနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ အထူးသဖြင့် စွမ်းအင်၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုး ရေးနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုး တက်ရေးအတွက်လည်း ကူညီဆောင်ရွက်လိုပြီး ပြင်သစ်နိုင်ငံရှိပါရီမြို့ တော်ဝန်ရုံးကလည်း ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်ရန် အဆင်သင့်ရှိနေပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။




No comments:

Post a Comment