Tuesday, June 14, 2016

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ မစ္စတာ တကဲဟိကို နာကာအိုအား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၁၄
မြန်မာနိုင်ငံအနေဖြင့် ဦးစားပေး ဆောင်ရွက်လိုသည့် လမ်းပန်းဆက်သွယ်ရေး အပါအ၀င် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပိုမို တိုးတက် ကူညီ ဆောင်ရွက်ရေးကိစ္စများကို နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အာရှ ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌမစ္စတာ တကဲဟိကို နာကာအို နှင့် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် အဆိုပါ ဦးစားပေးလုပ်ငန်းစဉ်များဆိုင်ရာ ကျွမ်းကျင်မှုရှိရန် လေ့ကျင့်ပေးရေး၊ ထိုသို့ လေ့ကျင့် ပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက် ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အပါအ၀င် အနာဂတ်တွင် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမည့် ကိစ္စရပ်များကိုလည်း ဆွေးနွေး ခဲ့ကြသည်။ 

No comments:

Post a Comment