နေပြည်တော်
ဇွန် ၁၃
မြန်မာ-တူရကီ နှစ်နိုင်ငံအကြား နှစ်ပေါင်း
(၅၈)နှစ်ကြာ တည်ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ
တိုးမြှင့်ရေးတို့ကို မြန်မာ-တူရကီ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးခဲ့ကြသည်။
ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီနိုင်ငံခြား ရေးဝန်ကြီး မစ္စတာ မာလက် ကာဘူတိုကလူး တို့တွေ့ဆုံစဉ်
ထိုသို့ဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့်
ခရီးသွားလုပ်ငန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ ကြား ကုန်သွယ်မှုတိုးမြှင့်ရေးအတွက်
နည်းလမ်းများရှာဖွေရေး၊ မြန်မာနိုင်ငံသို့ တူရကီနိုင်ငံလေကြောင်း လိုင်းပြေးဆွဲရေး
နှင့် နှစ်နိုင်ငံအကြား နိုင်ငံရေးညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ၏
ပူးတွဲသတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က တူရကီ
နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အား ကြိုဆို ပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး
ကို ပိုမိုကောင်းမွန် တိုးတက်စေမည် ဟုမျှော်လင့်ပါကြောင်း၊ မတူညီသည့် လူမျိုးစုများနှင့်
မတူညီသည့် အသိုင်းအဝိုင်း များအကြား နားလည်မှု တည်ဆောက်ရေးသည် မိမိတို့အစိုးရမူဝါဒ၏
အခြေခံမူများဖြစ်ကြောင်း ပြောကြားသည်။
တူရကီနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံသို့
ပထမဆုံးအကြိမ်အဖြစ် ချစ်ကြည်ရေးခရီးလာရောက်ရခြင်းနှင့် ဧည့်ဝတ် ကျေပွန်မှုများအတွက်
ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာအစိုးရသစ်၏ ကြိုးပမ်းအားထုတ်မှုများအတွက် ဒေါ်အောင်ဆန်း
စုကြည်ကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက်
မြန်မာပြည်သူများကိုလည်း ချီးကျူးဂုဏ်ပြု ပါကြောင်း၊ ထိုအသွင်ကူးပြောင်းမှုမှ တစ်ဆင့်
မြန်မာနိုင်ငံသားများအတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ကြွယ်ဝချမ်းသာမှုများ ဆောင်ကြဉ်းပေးခဲ့သည်ကို
မြင်တွေ့ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံတွင် တူရကီနိုင်ငံ သံရုံးဖွင့်လှစ်ပြီး
နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် သိသာထင်ရှားသည့် တိုးတက်မှုများကို လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊
၂ဝ၁၂ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံ၏ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံလိုအပ်ချက်များ
အတွက် တူရကီနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၃ဝ ကျော် ပံ့ပိုးကူညီခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အပါအဝင်
မြန်မာ ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ
ပြဿနာရပ်များ ဖြေရှင်း နိုင်ရေးအတွက် မြန်မာအစိုးရ၏ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုပါကြောင်း
ပြောကြားသည်။
သတင်းမီဒီယာများ၏ မေးမြန်းချက်များနှင့်စပ်လျဉ်း၍
တူရကီနိုင်ငံခြားရေးဝန်ကြီးက တူရကီအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ
(TIKA) မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ထောက်ပံ့မှုများပေးခဲ့ကြောင်း၊ ပြည်ထောင်စုအစိုးရနှင့်
ဒေသဆိုင်ရာအစိုးရ၏ တောင်းဆိုမှုများကိုသာ ဖြည့်ဆည်းပံ့ပိုးပေးခဲ့ကြောင်း၊ အကူအညီပေးရေးလုပ်ငန်းများကို
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်မှုခံမည့်သူ၏ သက်သေခံ ကတ်ပြား(NVC)
ထုတ်ပေးခြင်း အပါအဝင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကို
ကျေးဇူးတင်ရှိ ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးအတွက် အစိုးရ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်
ပူးပေါင်းဆောင်ရွက် လိုပါကြောင်း၊ အစိုးရကဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးနှင့်
ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်လို ပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ရန်
ဆန္ဒရှိပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှု ထပ်မံတိုးမြှင့်လိုပါကြောင်း၊ ကျန်းမာရေး၊
ပညာရေး၊ ခရီးသွားကဏ္ဍနှင့် အခြေခံအဆောက်အအုံနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊
တူရကီလေကြောင်း ခရီးစဉ်များကို လည်း မြန်မာနိုင်ငံ၌ စတင်ပျံသန်းလိုပါကြောင်း ရှင်းလင်းပြောကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က
ရခိုင်ပြည်နယ် အခြေအနေများ ပိုမိုကောင်းမွန်ရန် ဆောင်ရွက် နေပါကြောင်း၊ တူရကီအနေဖြင့်
ရခိုင်ပြည်နယ်၏ အခြေအနေသိမ်မွေ့မှုများကို နားလည်ပေးသည့်အတွက် တန်ဖိုးထားပါ ကြောင်း၊
လုပ်ဆောင်ချက်အောင်မြင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ကူညီမည်ဟုမျှော်လင့်ပါကြောင်း
ပြောကြားသည်။
ထို့အပြင် တစ်ကမ္ဘာလုံး၌ မြန်မာသံရုံးများ
ဖြန့်ခွဲဖွင့်လှစ်လိုသော်လည်း တစ်ချိန်တည်းတွင် ဖွင့်လှစ်နိုင်ရန် ခက်ခဲပါကြောင်း၊
နိုင်ငံတကာနှင့်ပတ်သက်၍ သံတမန်ဆက်ဆံရေး ပိုမိုတိုးတက်ရန် အမြဲကြိုးပမ်းနေပါကြောင်း
ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် တူရကီနိုင်ငံတို့သည်
၁၉၅၈ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီး မြန်မာနိုင်ငံ ဆိုင်ရာ
တူရကီနိုင်ငံသံရုံးအား ၂ဝ၁၂ ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့ရာ မစ္စတာမူရတ်ရာ
ဘုစ်အက်တီစ်သည် မြန်မာနိုင်ငံတွင်အခြေစိုက်သည့် ပထမဆုံးသော တူရကီ သံအမတ်ကြီး ဖြစ်ခဲ့သည်။
ယခုအခါ (၅၈)နှစ်ကြာတည် ရှိခဲ့သည့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်
နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

No comments:
Post a Comment