Friday, June 17, 2016

သတ္တုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာစံနှုန်းများအတိုင်း ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇွန် ၁၆
တွင်းထွက်သယံဇာတများ တူးဖော်ထုတ်လုပ်ရာတွင် ပွင့်လင်းမြင်သာမှု ရှိရေးအတွက် နိုင်ငံတကာစံနှုန်းတစ်ခုဖြစ်သော Extractice Industry Transparency Initiative(EITI) အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် ၂ဝ၁၄ ခုနှစ် ဇူလိုင် ၂ ရက်တွင် သတ်မှတ်ခံခဲ့ရပြီး မြန်မာ နိုင်ငံအနေဖြင့် သတ္တုသယံဇာတပေါကြွယ်ဝ မှုနှင့်အတူ သတ္တုကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာ စံနှုန်းများ အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း ဇွန် ၁၅ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည့် Sound Management of Natural Resources 2 အလုပ်ရုံဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပြောကြားခဲ့သည်။

ပထမအကြိမ် EITI အစီရင်ခံစာကို ၂ဝ၁၆ ခုနှစ် အစောပိုင်းတွင် တင်ပြခဲ့ပြီး ဒုတိယမြောက် EITI အစီရင်ခံစာကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ဂိုလီးယား နိုင်ငံသည် ၂ဝ၁ဝ ခုနှစ်တွင် EITI တင်းပြည့် နိုင်ငံဖြစ်လာခဲ့သဖြင့် မြန်မာနိုင်ငံအနေဖြင့် မွန်ဂိုလီးယားနိုင်ငံ၏ ဆောင်ရွက်ချက်များကို လေ့လာနိုင်ခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့သည် ၁၉၅၆ ခုနှစ်ကတည်းက သမိုင်းဝင် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မှု များရှိခဲ့ပြီး နယ်ပယ် အတော်များများတွင် လေးလေးနက်နက် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပါကြောင်း၊ လွန်ခဲ့သောနှစ်က နှစ်နိုင်ငံ ခေါင်းဆောင်များသည် ကုန်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ခရီးသွားလုပ်ငန်း နယ်ပယ်များတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆန္ဒပြုပါကြောင်းနှင့် မွန်ဂိုလီးယား နိုင်ငံသည် သဘာဝသယံဇာတများပေါကြွယ် ဝပြီး သတ္တုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။
ထို့နောက် မွန်ဂိုလီးယားနိုင်ငံ သတ္တု တွင်းဆိုင်ရာဝန်ကြီး H.E. Mr. Jigid R နှင့် နော်ဝေနိုင်ငံ Oslo Center မှ Mr. Kjell ManageBondevik တို့က အမှာစကား ပြောကြားပြီး ဘူမိဗေဒလေ့လာရေးနှင့် သတ္တုရှာဖွေရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲမြင့်ဆွေက မြန်မာနိုင်ငံ၏ သတ္တုတွင်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဘူတန်နိုင်ငံ ဝန်ကြီးချုပ် ဟောင်း H.E. Mr. Jigme Thinley က ဘူတန်နိုင်ငံ၏ သယံဇာတတူးဖော်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အခြေအနေများ၊ သတ္တုလုပ်ငန်းတွင် အစိုးရနှင့် ပုဂ္ဂလိက ခွဲဝေမှုအချိုးများ အကြောင်း ရှင်းလင်းတင်ပြသည်။
အဆိုပါဆွေးနွေးပွဲသို့ မွန်ဂိုလီးယားနိုင်ငံ သမ္မတ H.E. Mr. Elbegdorj တက်ရောက် အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် အဖွဲ့အစည်း အသီးသီးက သက်ဆိုင်ရာ ကဏ္ဍအလိုက် စုပေါင်းဆွေးနွေးကြသည်။

ယင်းဆွေးနွေးပွဲသို့ အိမ်ရှင်မြန်မာနိုင်ငံ နှင့် မွန်ဂိုလီးယားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ တီမောလက်စ်တေနိုင်ငံ၊ အာဖဂန် နစ္စတန် နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ရုရှားနိုင်ငံတို့မှ ဌာနအကြီးအကဲများ၊ ပညာရှင်များ တက်ရောက် ဆွေးနွေးကြပြီး ဆွေးနွေးပွဲကို ဇွန် ၁၆ ရက်တွင် ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment