Wednesday, June 15, 2016

နိုင်ငံတော်သမ္မတဦးထင်ကျော် မွန်ဂိုလီးယားနိုင်ငံသမ္မတမစ္စတာဇတ်ခ်ဟီးလ်ယာဒ် အယ်လ်ဘတ်ခ်ဒေါ့ဂ်ျ ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၁၅
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ ယဉ်ကျေးမှုအပြန်အလှန် ဖလှယ်ရေးမှ တစ်ဆင့် နှစ်နိုင်ငံပြည်သူများ အကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေး တိုးမြှင့်ဖော်ဆောင်နိုင်ရေး တို့နှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် မွန်ဂိုလီးယားနိုင်ငံသမ္မတတို့ ဆွေးနွေး ခဲ့ကြသည်။




နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် ရောက်ရှိလာသည့် မွန်ဂိုလီးယား နိုင်ငံ သမ္မတမစ္စတာဇတ်ခ်ဟီးလ်ယာဒ် အယ်လ်ဘတ်ခ် ဒေါ့ဂ်ျဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ  နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံစဉ် ထိုသို့ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားကုန်သွယ်မှုကဏ္ဍ၊ သတ္တုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မွန်ဂိုလီးယားသမ္မတက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့အား မွန်ဂိုလီးယား နိုင်ငံတွင် ကျင်းပမည့် (၁၁)ကြိမ်မြောက် အာရှ-ဥရောပ အစည်းအဝေးသို့ တက်ရောက်နိုင်ရေးနှင့် မွန်ဂိုလီးယား နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။    
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဦးအုန်းဝင်း၊ ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မွန်ဂိုလီးယား နိုင်ငံသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်သည်။
တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နိုင်ငံတော် သမ္မတ အိမ်တော်၌ ဆက်လက်ကျင်းပသည်။
အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် မွန်ဂိုလီးယား နိုင်ငံသမ္မတတို့ ရှေ့မှောက်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ နန္ဒာမွှန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာတဂ်စ်ဘီလ်ဂွန်း တူမွတ်ခ်ဟူလဂ် တို့က“မွန်ဂိုလီးယားနိုင်ငံပညာရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံပညာဝန်ကြီး ဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တို့အကြား ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ”ကို လက်မှတ် ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတက မွန်ဂိုလီးယားနိုင်ငံသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော် သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
ညစာစားပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
မွန်ဂိုလီးယားနိုင်ငံသမ္မတသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်သကဲ့သို့ အစိုးရ သစ်လက်ထက်၌ မြန်မာနိုင်ငံသို့ ပထမဦးဆုံးလာရောက်သည့် နိုင်ငံအကြီးအကဲတစ်ဦး၏ ခရီးစဉ်လည်းဖြစ် သည်။ ထို့ပြင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် (၆၀) ပြည့် အချိန်အခါတွင် လာရောက်သည့် ခရီးစဉ်တစ်ခု လည်းဖြစ်သည်။

No comments:

Post a Comment