Monday, June 27, 2016

အသစ်ပေါ်ထွန်းလာသည့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် ပြည်သူ့အတွက် ရက် ၁၀၀ မှသည် အနာဂတ်မျှော်မှန်းချက်များ


နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ရက် ၁၀၀ စီမံချက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို ယခုနှစ် ဧပြီ ၆ ရက်က ပြဋ္ဌာန်းနိုင်ခဲ့ပြီး ယင်းဥပဒေနှင့် အညီ နိုင်ငံတော် အစိုးရသစ် တာဝန်ယူစဉ် “နိုင်ငံတော်၏ အတိုင်ပင်ခံရုံးဝန်ကြီးဌာန” ဆိုသည့် ဝန်ကြီးဌာနသစ်တစ်ခု လည်း ပေါ် ထွက်လာခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ရခိုင်ပြည်နယ် တည်ငြိမ် အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ရာစုပင်လုံ) ကျင်းပရေးစသည့် နိုင်ငံအတွက် အရေးကြီး သည့် ကဏ္ဍများကို အကောင် အထည်ဖော် ဆောင်ရွက်လာကြောင်း တွေ့မြင်လာရသည်။

ထိုကဲ့သို့ နိုင်ငံတွင် အရေးပါသည့် လုပ်ငန်းများကို မည်ကဲ့သို့ ဖွဲ့စည်းဆောင်ရွက် နေသည်ကို ပြည်သူများ သိရှိနိုင်ရန် ပြည်ထောင် စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တွေ့ဆုံမေးမြန်းမှုအား ဖော်ပြလိုက်ပါသည်။
မေး။ ။ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အနေနဲ့ ယခုအစိုးရသစ် တာဝန်ယူချိန်မှ ထူးထူးခြားခြား ပေါ်ပေါက် လာတာ ဖြစ်တဲ့အတွက် ဘယ်လိုဖွဲ့စည်း ထားတယ်ဆိုတာ ပြည်သူတွေသိအောင် ပြောပြပေးပါ။
ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေအရ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တာတွေ ပံ့ပိုးကူညီပေးနိုင်ဖို့၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ချမှတ်ပေး တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ရာမှာ တတ်နိုင်သမျှ ပေါင်းစပ်ညှိနှိုင်းပေးဖို့ အထောက်အကူပြု ဝန်ကြီးဌာနတစ်ခုအနေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဖွဲ့စည်းပုံကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးစားပေးဆောင်ရွက်လိုတဲ့ ရည်မှန်းချက်တွေကို အခြေခံပြီး ရေးဆွဲ ထားပါတယ်။
ဖွဲ့စည်းပုံအင်အားအရ အရာထမ်း ၁၀၁ ဦးနဲ့ အမှုထမ်း ၂၃၁ ဦး စုစုပေါင်း ၃၃၂ ဦးနဲ့ ရေးဆွဲထားပါတယ်။ ဒါပေမယ့် သုံးပုံနှစ်ပုံ အင်အားထက် ကျော်လွန်ခန့်အပ်ခြင်း မပြုဖို့ မူဝါဒရှိထားတဲ့အတွက် ကျွန်တော်တို့ ဝန်ကြီး ဌာနအနေနဲ့ ကျစ်ကျစ်လျစ်လျစ်နဲ့ လိုအပ်တဲ့ အင်အားကို စတင်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖွဲ့စည်းဆဲကာလ ဖြစ်ပါတယ်။
မေး။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို ဧပြီ ၆ ရက်မှာ ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုမူဝါဒတွေ ချမှတ်ထားပါသလဲ။ ရက် ၁၀၀ အတွင်း ဆောင်ရွက်မှာနဲ့ ဆက်လက် ဆောင်ရွက် သွားမယ့် လုပ်ငန်းစဉ်တွေကိုလည်း သိပါရစေ။
ဖြေ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို ဧပြီ ၆ ရက်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေရဲ့ ပုဒ်မ (၃) အရ ကျွန်တော်တို့ဝန်ကြီးဌာန ဆောင်ရွက်ရမယ့် လုပ်ငန်းနယ်ပယ်ကတော့ အချုပ်အားဖြင့် လေးခုရှိပါတယ်။ နံပါတ် (၁) ကတော့ “ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး”၊ နံပါတ်(၂)က “ဈေးကွက် စီးပွားရေးစနစ် ပြီပြင်ရေး”၊ နံပါတ်(၃) “ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး” နဲ့ နံပါတ်(၄)အနေနဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး” တို့ပဲဖြစ်ပါတယ်။
ဒီရည်ရွယ်ချက်တွေက ကျွန်တော်တို့ဝန်ကြီး ဌာနက ဆောင်ရွက်ရမယ့် မူဝါဒတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ချမှတ်ပေးတဲ့ အခြားလုပ်ငန်း တာဝန်တွေကိုလည်း ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်။ ရက် ၁၀၀ အတွင်းမှာ ဘာတွေ ဆောင်ရွက်မလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောရရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဆောင်ရွက် ချက်တွေနဲ့ ဆက်စပ်နေပါတယ်။
တိတိကျကျ ခွဲခြားပြီးပြောရရင်တော့ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးနဲ့ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေတဲ့ ကျောင်း သား ကျောင်း သူတွေ၊ လွတ်မြောက်ဖို့၊ နိုင်ငံတော် သမ္မတရုံး ပြင်ဆင်ဖွဲ့စည်းဖို့နဲ့ ရုံးလုပ်ငန်း တွေ စနစ်တကျ စီမံခန့် ခွဲဖို့၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ကို အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းဖို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အကြို ပြင်ဆင်ဖို့ ဆောင်ရွက်သွားပါ့မယ်။
ပြီးတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်ထောင်စုဝန်ကြီးဌာနတွေ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ တွေအကြား လိုအပ်တဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်ပေးဖို့၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား လိုအပ်တဲ့အခါတွေမှာ ကြားခံအဖြစ် ဆောင်ရွက်ပေးဖို့၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနဖွဲ့စည်းဖို့နဲ့ လုပ်ငန်းတာဝန်တွေ ပုံမှန်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပေးအပ်တဲ့ တာဝန်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ကိုလည်း လုပ်ဆောင်သွားမယ်။
ဒါတွေကို ရက် ၁၀၀ အတွင်း ဆောင်ရွက်ခဲ့တာ။
လက်ရှိ ဆောင်ရွက်နေတာနဲ့ ဆက်ပြီး ဆောင်ရွက်သွားမယ့် တာဝန်တွေဖြစ်ပါတယ်။ ရေရှည်ကာလမှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ၊ ပုဒ်မ (၃) ပါ မူဝါဒတွေရယ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပေးအပ်တဲ့ လုပ်ငန်းတာဝန်တွေရယ်ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှု ရင်ဆိုင်နေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ပတ်သက်ပြီး လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးခဲ့ရတာနဲ့ ပတ်သက်ပြီး လည်းရှင်းပြပေးပါ။
ဖြေ။ ။ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှု ရင်ဆိုင်နေရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ပတ်သက်ပြီး လွတ်မြောက် ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်မှုအရ ဒီနှစ်ဧပြီလဆန်းမှာ စတင် ဆောင်ရွက်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ စစ်ဆေးဆဲအမှုတွေ၊ မြို့နယ်တရားရုံး အသီးသီးမှာ တရားစွဲဆိုထားတဲ့ အမှုတွေ ပိတ်သိမ်းခြင်း ရုပ်သိမ်းခြင်းတွေ ဆောင်ရွက်ပေးခဲ့တဲ့အတွက် ပြန်လည် လွှတ်ပေးနိုင်ခဲ့တဲ့ အရေအတွက်ဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းအထိ စုစုပေါင်း ၄၅၃ ဦးရှိခဲ့ပြီ ဖြစ်ပါတယ်။
ဒီလိုအမှုတွေကို ပိတ်သိမ်းခြင်း၊ တရားစွဲ ဆိုထားတာတွေကို ရုပ်သိမ်းခြင်း ပြုဖို့အတွက် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ ပတ်သက်လို့တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော် သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဧပြီ ၁၆ ရက်မှာ ဆောင်ရွက်ပေးခဲ့တာ စုစု ပေါင်း ၈၃ ဦး ဖြစ်ပါတယ်။
ဒီမိုကရေစီ အစိုးရလက်လက်မှာ နိုင်ငံရေး၏ အကျဉ်းသား မရှိစေရဆိုတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စိတ်ရင်းစေတနာ မူဝါဒနဲ့ လမ်းညွှန်မှုကို ကျွန်တော်တို့က ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့တဲ့ သဘောပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာနဲ့ ပတ်သက်လို့တော့ ပြင်ပအဖွဲ့အစည်းတွေရဲ့ စာရင်းဇယားအရ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ကျွန်တော် တို့ကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒအရ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဥပဒေနဲ့အညီ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုတွေ အပေါ်မှာ အရေးယူခံရတာ တွေကိုပဲ နိုင်ငံရေး အကျဉ်းသားအဖြစ် လက်ခံပါတယ်။
မေး။ ။ ပြည်သူတွေရဲ့ ဒီမိုကရေစီ အခွင့်အရးနဲ့ တရားဥပဒေ စိုးမိုးရေးကို ချိန်ခွင့်လျှာညီမျှ အောင် စီမံဆောင်ရွက်ဖို့နဲ့ တရားမျှတခြင်းကို ကရုဏာနဲ့ ဖြေရှင်းဆောင်ရွက်ဖို့ ဆိုပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုထိန်းညှိ ဆောင်ရွက်သွားဖို့ ရှိသလဲ။
ဖြေ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ထားတဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး ချိန်ခွင်လျှာညီမျှရေး ဆိုတာက ရှင်းပါတယ်။ ပြည်သူတွေမှာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ရှိပါတယ်။ ဒါတွေကလည်း မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေ ရှိပါတယ်။ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အပြည့်အဝရဖို့လို အပ်သလို နိုင်ငံသားတွေရဲ့ တာဝန်ဖြစ်တဲ့ ဥပဒေကို လိုက်နာဖို့လည်း လိုအပ်ပါတယ်။
အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒီနှစ်ခုအကြားမှာ ဘက်ညီမျှတအောင် ထိန်းသိမ်းဆောင်ရွက် သွားဖို့ဖြစ်ပါတယ်။ ဥပမာပြောရရင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီ အခွင့်အရေး ဖြစ်ပါတယ်။ ဒီလို ဆန္ဒဖော်ထုတ်ရာမှာ ဆန္ဒဖော်ထုတ်မှုနဲ့ ပတ်သက်ပြီး ပြန်ဋ္ဌာန်းတဲ့ ဥပဒေတွေ ရှိပါတယ်။ ဒီဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒါတွေက တည်ဆဲဥပဒေ ဖြစ်ပါတယ်။
ဒီလိုမှ မလိုက်နာဘူးဆိုရင် တစ်ဖက်မှာ ဆောင်ရွက်နေကြတဲ့ တရားဥပဒေ စိုးမိုးမှုဆိုတာ အလဟဿဖြစ် သွားပါတယ်။ ဒီမိုကရေစီစနစ်မှာ တရားဥပဒေ စိုးမိုးမှုဆိုတာက သိပ်ကိုအရေးကြီးပါတယ်။ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့သွားပြီဆိုရင် ဒီမိုကရေစီဆိုတာ ကသောင်းကနင်းနဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ် လာစေမှာ ဖြစ်ပါတယ်။ နိုင်ငံသားတွေ အနေနဲ့ ကိုယ်ရရှိမယ့်အခွင့် အရေးကိုလည်း ရယူကြရမှာ ဖြစ်သလို တစ်ဖက်မှာလည်း စောင့်ထိန်းလိုက်နာရမယ့် တာဝန်ကို ကျေပွန်ရမှာဖြစ် ပါတယ်။ နိုင်ငံသူ/နိုင်ငံသားတွေအတွက် “အခွင့်အရေး” နဲ့ “တာဝန်” ယှဉ်တွဲနေတာ ဖြစ်ပါတယ်။ ဒါကို အုပ်ချုပ်ရေးအပိုင်းက ဘက်ညီမျှတအောင် ဆောင်ရွက်ကြဖို့ လမ်းညွှန်မှာကြားထားခြင်း ဖြစ်ပါတယ်။ တစ်ဖက်မှာ ဒီမိုကရေစီ အခွင့် အရေးဆိုတာ ရှိပါတယ်။ ကျန်တဲ့တစ်ဖက်မှာ တရားဥပဒေစိုးမိုးရေး ရှိနေပါတယ်။ ဒါကိုချိန်ခွင်လ်ျှာ ညီမျှအောင် ဆောင်ရွက်ကြဖို့ ဖြစ် ပါတယ်။ နောက်တစ်ခုက တရားမျှတခြင်းကို ကရုဏာနဲ့ ဖြေရှင်းဆောင်ရွက်ဖို့ လမ်းညွှန်မှု ပြထားပါတယ်။
ဒါက အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ အနေနဲ့ အမြဲနှလုံးသွင်း ထားကြရမယ့် လမ်းညွှန်ချက်လည်း ဖြစ်ပါတယ်။ ဥပမာ မြေယာကိစ္စ အငြင်းပွားမှုတွေကို ကြည့်မယ်ဆိုရင် ပြည်သူတွေ အမှန်တကယ် နစ်နာမှုတွေ ရှိနေတယ်။ တစ်ဖက်ကလည်း ဥပဒေကြောင်းအရ ကြည့်လိုက်ရင် သူတို့က တကယ်ကို ဥပဒေသဘောကို နားလည်တာတွေ ရှိနေပါတယ်။ ဥပမာပြောရရင် လိုအပ်တဲ့ စာရွက်စာတမ်းဆိုင်ရာ ပြုလုပ်ထားရှိမှုမှာ အားနည်းချက်တွေ ရှိနေမယ်။ လက်တွေ့မြေပြင်မှာတော့ ဓားမဦးချကနေ ဘိုးစဉ်ဘောင်ဆက် သူတို့ကိုယ်တိုင် လယ်ယာစိုက်ပျိုးရေးကို အစဉ်အဆက် လုပ်ကိုင်လာတယ်။ ဒီလိုကိစ္စရပ်မျိုးကို ဘယ်လိုကိုင်တွယ် ဖြေရှင်း မလဲဆိုတဲ့ ဖြစ်စဉ်မျိုးဖြစ်ပါတယ်။
ဥပဒေမှာတော့ ဥပဒေကို မသိလို့ဆိုပြီး ခြွင်းချက်ပေးတာမျိုး မရှိပါဘူး။ တရားသူကြီးတွေရဲ့ တရားရုံး စီရင်ချက်တွေကို ဥပမာကြည့်မယ်ဆိုရင် ဒီကိစ္စတွေ ပိုမိုနားလည်နိုင်မှာ ဖြစ်ပါတယ်။ အရင်တုန်းက အလားတူ အမှုကိစ္စမျိုး တွေကို စဉ်းစားရာမှာ နှိုင်းယှဉ်သုံးသပ်နိုင်ဖို့ စီရင်ထုံးဆိုတာ ရှိပါတယ်။ အရင်တုန်းက ဒီလို ကိစ္စမျိုးကို ဘယ်တရားသူကြီးတုန်းက ဘယ်လို စီရင်ချက်ချခဲ့သလဲ ဆိုတာကို ပြန်ကြည့်တာ ဖြစ်ပါတယ်။ မှုခင်းဖြစ်စဉ် တစ်ခုတည်းမှာကိုပဲ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေက မတူညီကြပါဘူး။ ဖြစ်စဉ်ကို နောက်ကြောင်းထည့်ပြီး စဉ်းစားရတာရှိပါတယ်။ အခြေအနေကို ခြုံပြီး ကြည့်ရပါတယ်။
တရားခံရဲ့ အခြေအနေ၊ ဖြစ်စဉ်ရဲ့နောက်ခံ စသဖြင့် ထည့်သွင်းစဉ်းစားရတာတွေ ရှိပါတယ်။ ဒီလိုမျိုးပါပဲ။ အုပ်ချုပ်ရေး မဏ္ဍိုင်က တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့ နစ်နာမှုတွေနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်း ကြရာမှာ တရားမျှတမှုလည်းရှိရမယ်၊ ကရုနာနဲ့လည်း ယှဉ်ရမယ်ဆိုတဲ့မူဝါဒပဲ ဖြစ်ပါတယ်။
မေး။ ။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတွေက အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေသိအောင် ပြောပြပေးပါ။
ဖြေ။ ။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းနေရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော် မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ဖွဲ့စည်း ထားပါတယ်။ ဒုတိယဥက္ကဋ္ဌ နှစ်ဦးအဖြစ် နယ်စပ်ရေးရာ ပြည်ထောင်စု ဝန်ကြီးနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့ ပါဝင် ပါတယ်။ အဖွဲ့ဝင်တွေကတော့ ပြည်ထောင်စု အစိုးရ တစ်ဖွဲ့လုံးပါဝင်ပါတယ်။ ဆိုလိုတာက ရခိုင်ပြည်နယ် အရေးကိစ္စကို အထူးအလေး ထားပြီး အစိုးရတစ်ဖွဲ့လုံး ဆောင် ရွက်ပေးကြမယ့် ရည်ရွယ်ချက်နဲ့ ဒီလိုဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီဗဟိုကော်မတီ အောက်မှာမှ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီလေး ခုဖွဲ့စည်းထားပါတယ်။
ရခိုင်ပြည်နယ်ဟာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေအရ ထိလွယ်ရှလွယ်တဲ့ အနေအထားမှာ ရှိနေတာကို အားလုံးသိရှိကြပြီး ဖြစ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စိတ်ရင်းစေတနာနဲ့ ရည်ရွယ်ချက်က ဘယ်လောက် စေတနာထားတယ်ဆိုတာကို အတိုင်းသား သိမြင်နိုင်မှာပါ။ ကျန်တဲ့ တိုင်းဒေသကြီး/ ပြည်နယ် တွေကိုကျတော့ ဂရုမစိုက်ဘူးလားမေးရင် မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်ကထူးခြားတဲ့ သဘောသဘာဝ ရှိနေသလို အချိန်မရွေး စိုးရိမ်ဖွယ်ရာ အခြေအနေကို ချက်ချင်းရောက်လာနိုင်တဲ့ ပြည်နယ်လည်း ဖြစ်တဲ့အတွက် အခုလို အလေးထားပြီးဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီမှာ ပါဝင်နေကြတဲ့ ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် လည်း ရခိုင်ပြည်နယ်ကို ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းပြီး အခြေအနေမှန်တွေကို သိရှိ အောင်၊ လိုအပ်တာတွေ ဦးစားပေးအလိုက် ဖြည့်ဆည်းပေးနိုင်အောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ တည်ငြိမ်အေးချမ်းရေးနဲ့ သက်သေခံ အထောက်အထား လက်မှတ်ရရှိရေးကို ဦးစားပေး လုပ်ကိုင်နေတာဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသား စိစစ်မှုတွေကို ဆက်လက်ပြီး လုပ်ဆောင်ပေး သွားမှာဖြစ်ပါတယ်။ တစ်ချိန် တည်းမှာပဲ အခြေခံ အဆောက်အအုံတွေ တိုးတက်ဖွံ့ဖြိုးလာဖို့၊ ဖွံ့ဖြိုးတိုးတက် လာမှုနဲ့ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေ မြင့်မားလာ ဖို့၊ ဒီနောက်မှာတော့ အလုပ်အကိုင် အခွင့် အလမ်းတွေ တိုးမြင့်ပေါ်ပေါက်လာဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အချုပ်ပြောရရင်တော့ ရေတိုကာလမှာ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ပထမဆုံး အလေးထားဆောင် ရွက်နေပါတယ်။ ရခိုင်ပြည်နယ်မှာ နေထိုင်ကြသူ အားလုံးအတွက် ဒီနိုင်ငံမှာ နေထိုင်ကြောင်း သက်သေခံ လက်မှတ်တွေ ရရှိဖို့လုပ်နေပါတယ်။ ပြီးရင် တော့ နိုင်ငံသားစိစစ်မှု လုပ်ငန်းတွေကို ဆက်တိုက် လုပ်နေပါတယ်။ နိုင်ငံသားဥပဒေအရ နိုင်ငံသား ဖြစ်လာပြီဆိုရင် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိလာကြမှာ ဖြစ်ပါတယ်။
မေး။ ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ပြင်ဆင် ဖွဲ့စည်းဖို့ လတ်တလော ဆောင်ရွက်နေတဲ့ အခြေအနေတွေကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ပြင်ဆင် ဖွဲ့စည်းရေးကို ကျွန်တော်တို့ ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရည်မှန်းချက်က ဒီ NRPC ကို ပြည်တွင်းငြိမ်းချမ်းရေး နယ်ပယ်တစ်ခုတည်း မဟုတ်ဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုပါ ခြုံငုံပြီး ထူထောင်ဆောင် ရွက်သွားစေလိုတဲ့ သဘောဖြစ်ပါတယ်။ ဌာနအမည်ကို လိုက်လျောညီထွေဖြစ်အောင် ပေးထားခြင်းဖြစ်ပါတယ်။ NRPC ကို ဘယ်လိုဖွဲ့စည်းမလဲဆိုတာကို အတိုချုပ်ပြီး ရှင်းပြချင်ပါတယ်။ နေပြည်တော်မှာ NRPC ပင်မရုံးကို ထားရှိပြီး အရင်တုန်းက MPC ကိုတော့ NRPC ရဲ့ ရန်ကုန်ရုံးခွဲအဖြစ် ပြင်ဆင်ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ရှိသူ တွေရဲ့ အကူအညီ ရယူပြီး MPC ကို လွဲပြောင်းလက်ခံ ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းထားတာပါတယ်။ တစ်ချိန်တည်းမှာပဲ နေပြည်တော်မှာ NRPC ရုံးချုပ်ဖွင့်လှစ် နိုင်ဖို့ ဖွဲ့စည်းပုံ၊ လူအင်အား၊ ရုံးအဆောက်အအုံ ဒါတွေကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အရေးကြီးတာက NRPC ဖွဲ့စည်းပေးလိုက်ရုံသာ မဟုတ်ဘဲ လက်ရှိအချိန်မှာကိုပဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရပ်တန့်မသွားဘဲ ချာချောမွေ့မွေ့ ကူးပြောင်းသွားနိုင် အောင်လည်း ရှိတဲ့လူနည်းနည်းနဲ့ ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်တိုင်းမှာ ပါဝင်သင့်ပါဝင် ထိုက်သူ အားလုံး ပါဝင်ခွင့်ရရှိရေး ဦးဆောင်ရွက်သွားဖို့ ပြောထားတာရှိပါတယ်။ NCA မှာ မပါဝင်သေးတဲ့ အဖွဲ့ အစည်းတွေ ပါဝင်လာနိုင်ဖို့ ဘယ်လိုဆောင်ရွက်သွား ဖို့ရှိပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်တိုင်းမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်ခွင့်ရရှိရေးဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မူဝါဒဖြစ်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အထူးပဲအရေးကြီး လှပါ တယ်။ မိမိတို့ ကိုယ်တိုင်ပါဝင်ပြီး လုပ်ကိုင်နေတယ်ဆိုတဲ့ ခံယူချက်ဖြစ်ပေါ် လာမှသာ ဘုံလုပ်ငန်းစဉ် ဖြစ်လာမှာဖြစ်ပါတယ်။ သူတို့ကိုလည်း အသိမပေးဘူး။ သူတို့ကိုလည်း မခေါ်ဘူး။ သူ့ဘာသာ ဆွေးနွေး ညှိနှိုင်းပြီး သဘောတူလိုက်တာ ငါတို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်သဘောထားမျိုး ဖြစ်ပေါ်လာမယ်ဆိုရင် ကျွန်တော်တို့ မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးဟာ အလှမ်းဝေးသွားနိုင်ပါတယ်။
ဒါကြောင့် အဆင့်တိုင်းမှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်အောင်လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ထားတာဖြစ်ပါတယ်။ NCA မှာ မပါဝင်သေးတဲ့ အဖွဲ့တွေ ပါဝင်လာဖို့ အကြိုပြင်ဆင်ရေးကော် မတီက တာဝန်ယူပြီး ဆောင်ရွက် နေပါတယ်။ မကြာ သေးခင်ကပဲ ထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ရက်ပိုင်းအတွင်း မှာပဲ မိုင်းလားမှာ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့ပါတယ်။ အားလုံးပါဝင်အောင် ကြိမ်းပမ်းဆောင်ရွက် နေကြတာ ဖြစ်ပါတယ်။ သူတို့ပါဝင်နိုင်အောင်လည်း လမ်းဖွင့်ထားပါတယ်။ အကြိုပြင်ဆင်ရေး ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာတင်မျိုး ကိုယ်တိုင် ဖိတ်ခေါ်စာပေးပို့ထားပြီး ဖြစ်ပါတယ်။
လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ပါဝင်နိုင်အောင်လည်း နိုင်ငံရေးဆွေးနွေးမှု မူဘောင်ဆွေးနွေးမှု ပြန်လည် သုံးသပ်ခြင်း လုပ်ငန်းကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေး မူဘောင် ပြန်လည်သုံးသပ်မယ်၊ ပြင်ဆင်ဖို့ အကြံပြုချက်တွေ ဖော်ထုတ်မယ်၊ ပြီးရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (Union Peace Dialogue Joint Committee – UPDJC) မှာ ပြင်ဆင်ပါမယ်။ ဒီအဆင့်တွေမှာ ပါဝင်နိုင်အောင် ဆွေးနွေးညှိနှိုင်း နေတာဖြစ်ပါတယ်။ ဘယ်လိုအဆင့်မှာ ဘယ်လိုပုံစံနဲ့ ပါဝင်နိုင်မလဲ ဆိုတာကို ညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။ ဒီတစ်လ၊ နှစ်လအတွင်းမှာ အရှိန်မြှင့်တင်ပြီး လုပ်ဆောင်နေတာတွေ့ ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ (၂၁) ပင်လုံညီလာခံကြီး အမြန်ဆုံး စတင်နိုင်အောင် ဆောင်ရွက်နေပါတယ်။
မေး။ ။ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံအတွက် အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ဟာ ပြန်လည်ပြင်ဆင်ရမယ့် နိုင်ငံရေး ဆွေးနွေးဆိုင်ရာ မူဘောင်တွေနဲ့ ပတ်သက်ပြီး အောင်မြင်စွာ ဆွေးနွေးနိုင်တယ် လို့ ကြားသိရပါတယ်။ ညီလာခံကျင်းပမယ့် အခြေအနေကို သိချင်ပါတယ်။
ဖြေ။ ။ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၁) နေနဲ့ တော့ NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်နေပါတယ်။ အရင်ကဖွဲ့စည်းထားတဲ့အတိုင်း ဖွဲ့စည်းထားပြီးလက်နက် ကိုင်အဖွဲ့အစည်းတွေ လည်းပါတယ်။ နိုင်ငံရေးဆွေးနွေးမှု မူဘောင်မှာ ပါဝင်တဲ့ ကဏ္ဍတွေက အများကြီးကျယ်ပြန့်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ လူမှုရေး ကဏ္ဍတွေ၊ သယံဇာတခွဲ ဝေမှုတွေ၊ စီးပွားရေးကိစ္စတွေ ပါဝင်နေတဲ့အပေါ် ပြန်လည်သုံးသပ်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လမ်းညွှန်ခဲ့ပါတယ်။ တစ်ချို့ကဏ္ဍတွေဆိုရင် CSO Forum ကို ဆွေးနွေးစေတာက သင့်တော်မယ်လို့လည်း ယူဆခဲ့ပါတယ်။
ဒီလမ်းညွှန်ချက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း လက်ခံသဘောတူပါတယ်။ CSO Forum ဘယ်လို ပုံစံနဲ့ ကျင်းပမလဲ ဆိုတာကိုလည်း ဆပ်ကော်မတီ (၁)က ဆွေးနွေးလျက် ရှိပါတယ်။ ဆွေးနွေးပြီးသမျှ အခြေအနေတွေအရတော့ အတော်လေးကို အားတက်စရာ အနေအထားမှာ ရှိပါတယ်။ ဒီကြားကာလမှာ အချိန်ရရှိမှု နည်းပါတယ်။ တစ်ဖက်က လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ပါဝင်နိုင်မယ့် အခြေအနေတွေ ရရှိလာပြီဆိုရင် (၂၁) ရာစု ပင်လုံညီလာခံဟာ နိုင်ငံသားအားလုံး မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးအတွက် အရေးကြီးဆုံး အဆင့်တစ်တဆင့် ဖြစ်လာပါလိမ့်မယ်။
မေး။ ။ဝန်ကြီးဌာနဟာ နိုင်ငံရေးအကျဉ်းသားအရေး၊ ရခိုင်အရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် တွေအပြင် နိုင်ငံဖွံ့ဖြိုးရေးအတွက် ဘယ်လိုကဏ္ဍတွေ ဦးစားပေးဆောင်ရွက်သွားဖို့ စီစဉ်ထားပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ စောစောပိုင်းက ရှင်းလင်းပြောကြားခဲ့သလိုပါပဲ။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုပံ့ပိုးကူညီဖို့ ဖွဲ့စည်းပေါ်ပေါက် လာတာဖြစ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေပါ ရည်ရွယ်ချက် လေးရပ်ကိုလည်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီရည်ရွယ်ချက် လေးရပ်ကလည်း နည်းနည်းလေးဆိုပေမယ့် အများကြီး ကျယ်ပြန့်ပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေဖြစ်တဲ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့လည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေလည်း ပါဝင်နေပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုတာက အလွန်ကျယ်ပြန့်ပါတယ်။ နှစ်ပေါင်း ခြောက်ဆယ်ကျော် ပဋိပက္ခတွေနဲ့ တင်းမာမှုတွေ ပြင်းထန်ခဲ့တဲ့ အစဉ်အလာတွေလည်း ရှိပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် နိုင်ဖို့အတွက် ငြိမ်းချမ်းရေးရရှိဖို့ လိုပါတယ်။ တစ်နိုင်ငံလုံး အကြား အလပ်မရှိ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ငြိမ်းချမ်းရေး မရသေးသရွေ့ မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာကလည်း လက်ခံထား ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးက အပြန် အလှန်ဖြစ်ပြီး တစ်ခုနဲ့တစ်ခုလည်း ဆက်စပ် လျက်ရှိပါတယ်။ ဒီ ငါးနှစ်တာ ကာလအတွင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ချမှတ်ပေးတဲ့ မူဝါဒတွေ အောင်မြင်ဖို့၊ လမ်းညွှန်ချက်တွေ အောင်အောင်မြင်မြင် အကောင်အထည် ပေါ်လာဖို့ ကျွန်တော်တို့ဝန်ကြီးဌာန အနေနဲ့အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။


No comments:

Post a Comment