Monday, June 27, 2016

ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ ဝယ်ယူ၊ ဖြန့်ဖြူးခြင်း နည်းဗျူဟာပါ လုပ်ငန်းစဉ်များ စတင် ဆောင်ရွက်သည့် အခမ်းအနား ကျင်းပ



နေပြည်တော်  ဇွန် ၂၇
ဆေးနှင့် ဆေးပစ္စည်းများ စနစ်တကျ ဝယ်ယူခြင်း၊ ဖြန့်ဖြူးခြင်းကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံသားများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့ကြီးမှ ချမှတ်ထားသော Sustainable Development  Goal ရည်မှန်းချက်များ ရရှိစေရန် အထောက်အပံ့များ ဖြစ်စေမည် ဖြစ်ပါကြောင်း၊ ဇွန်(၂၇) ရက်တွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ ဝယ်ယူ၊ ဖြန့်ဖြူခြင်း နည်းဗျူဟာပါ လုပ်ငန်းစဉ်များ စတင် ဆောင်ရွက်သည့် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။

ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ ဝယ်ယူ၊ ဖြန့်ဖြူခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို အခြေခံ၍ နည်းဗျူဟာများကို ချမှတ် ရေးဆွဲခဲ့ရာ ပြောင်းလဲ ဆောင်ရွက်ရမည့် ကိစ္စများကို လိုက်နာ ကျင့်သုံး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း မြင့်မားစေရန် အတွက် ဆေးရုံ၊ ဆေးခန်းများတွင်  အသုံးပြုလျက် ရှိသော ဆေးနှင့် ဆေးပစ္စည်းများကို လိုအပ်သည့် နေရာ၊ လိုအပ်သည့်အချိန်တွင် ကောင်းမွန်သော အရည်အသွေး ရရှိစေရန် နည်းဗျူဟာကို အကောင် အထည်ဖော် ဆောင်ရွက်ရာ၌ လုပ်ငန်းစဉ်ကြီး (၆)ခု ချမှတ်ဆောင်ရွက်  သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် အတူ USAID အဖွဲ့၊ SCMS အဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။
ယင်းနောက် USAID အဖွဲ့၊ SCMS အဖွဲ့၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့မှ တာဝန် ရှိသူများက ဆေးနှင့် ဆေးပစ္စည်း  ဝယ်ယူ၊ ဖြန့်ဖြူးခြင်း နည်းဗျူဟာပါ လုပ်ငန်းစဉ်များ စတင် ဆောင်ရွက်မည့် အစီအစဉ်များကို  ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ ဝယ်ယူ၊ ဖြန့်ဖြူးခြင်း အတွက် နည်းဗျူဟာကို နှီးနွယ် အဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲခဲ့ပြီးဖြစ်ရာ အဆိုပါ နည်းဗျူဟာပါ လုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်သည့် အနေဖြင့် ယခု အခမ်းအနားကို ကျင်းပခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment