Monday, June 13, 2016

စွန့်ပစ်မြေစာပုံများ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြေဆီလွှာတိုက်စားမှုမဖြစ်စေရေး အလေးထားဆောင်ရွက်ရန်မှာကြား


နေပြည်တော်၊ ဇွန် ၁၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဇွန် (၁၀)ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အား တွေ့ဆုံ၍ သတ္တုသယံဇာတ တူးဖော်ထုတ်လုပ်မှုများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။


ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြေးနီ (Copper) ထုတ်လုပ်ပုံ အဆင့်ဆင့်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး အတွက် စောင့်ကြပ်ကြည့်ရှုဆောင်ရွက်မှုများ၊ ဒေသခံများအတွက် လူမှုရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် အလုပ်အကိုင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော်မှုများနှင့် လူမှုရေးဆိုင်ရာ တာဝန်ယူဆောင်ရွက်မှုများကို  ရှင်းလင်းတင်ပြကြပြီး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းဧရိယာအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြေဆီလွှာ တိုက်စားမှုများ မဖြစ်စေရေးအတွက် သစ်ပင်များနှင့် မက်ခင်းများပြန်လည် စိုက်ပျိုးထားရှိရန် မှာကြားသည်။
ဆက်လက်၍ ကံကုန်း (၁၆)ကုတင်ဆံ တိုက်နယ်ဆေးရုံ သို့ရောက်ရှိပြီး ဆေးကုသမှုခံယူ လျက်ရှိသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။ ၎င်းနောက် ဆားလင်းကြီး မိုးကြိုး ဆာလ်ဖျူရစ် အက်စစ်စက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက စက်ရုံလည်ပတ်မှုလုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်း တင်ပြသည်။
ညနေပိုင်း၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မြန်မာ့သစ်လုပ်ငန်း ကျွန်းရွှေဝါခန်းမ၌် ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနနှင့်လုပ်ငန်းဌာနတို့မှ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံသည်။
ဆက်လက်၍် ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာန မင်းကုန်းသစ်တော ပျိုးဥယျာဉ်သို့ သွားရောက်၍ ၂၀၁၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်များ ပျိုးထောင်ထားရှိမှုများအား စစ်ဆေးကြည့်‌ရှု့သည်။
ဇွန် (၁၁) ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ) ထာဝရ စာသင်ဆောင်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျောင်းဆောင်သစ်အမည် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်၍ ကမ္ပည်းကျောက်စာအား အမွှေးနံသာရည်များ ပတ်ဖျန်းပေးပြီး ကျောင်းဆောင် သစ်အား လှည့်လည် ကြည့်ရှုခဲ့ကြောင်းသိရသည်။     
ထို့နောက် ကောလင်းမြို့နယ်၊ ကျောက်ပုထိုး ရွှေသန့်စင်စက်ရုံသို့ ရောက်ရှိ၍ ရှင်းလင်းဆောင်၌ အုပ်ချုပ်မှုဒါရိုက်တာက ရွှေသန့်စင်ထုတ်လုပ်မှု အခြေအနေများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောက်ရွက်ထားရှိမှု အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ သိရှိလိုသည်များကို မေးမြန်း၍ စွန့်ပစ်မြေစာပုံများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြေဆီလွှာတိုက်စားမှုမဖြစ်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။ ၎င်းနောက် ရွှေသန့်စင် စက်ရုံအတွင်း ရွှေသန့်စင်ထုတ်လုပ်နေမှု အွခေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ခရီးစဉ်အတွင်း ကသာခရိုင်၊ ကောလင်းမြို့နယ်၊ သော်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၀) အတွင်းတည်ထောင်ထားရှိသော ၁/၂၀၁၅ စီပွားရေးကျွန်းစိုက်ခင်း (၁၀၀) ဧကအားလည်းကောင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူ မြို့နယ်၊ ဘောကြိုးဝိုင်း၊ အကွက်အမှတ် (၁၄၂) အတွင်း စိုက်ပျိုးတည်ထောင်ထားသော ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော စိုက်ခင်း (၁၅) ဧကအားလည်းကောင်း၊ ဝက်လက်မြို့နယ်ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ ရေထွက်ပျိုးဥယျာဉ်နှင့် ပညာပေးပြခန်းအားလည်းကောင်း၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်ရှိ ကောင်းမှုတော် ပျိုးဥယျာဉ်တို့အားလည်းကောင်း ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment