နေပြည်တော်
ဇွန် ၁၅
စီးပွားရေးဆန်ဆန် ဆက်ဆံရေးထက် မိတ်ဆွေရင်းကဲ့သို့
ဆက်ဆံရေးကို ပိုမိုသဘောကျပါကြောင်း၊ မိမိတို့နိုင်ငံ သည် မြန်မာနိုင်ငံနှင့် မိတ်ဆွေရင်းကဲ့သို့
ဆက်ဆံရေးကို ပိုမိုခိုင်မြဲအောင် တည်ဆောက် သွားမည် ဟူသည့် ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း
မွန်ဂိုလီးယားနိုင်ငံသမ္မတက ပြောကြား လိုက်သည်။
မွန်ဂိုလီးယား-မြန်မာဗဟိုအလုပ်အမှုဆောင်ကွန်ဖရင့်(CEO
Conference)ကို နေပြည်တော်ရှိ The Lake Garden ဟိုတယ်၌ ယနေ့နံနက် ၁၀ နာရီကကျင်းပရာ
မွန်ဂိုလီးယားနိုင်ငံ သမ္မတ မစ္စတာ ဇတ်ခ်ဟီးလ်ယာဒ် အယ်လ်ဘတ်ခ်ဒေါ့ဂ်ျ က အဖွင့်အမှာစကားပြောကြားစဉ်ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
မွန်ဂိုလီးယားနိုင်ငံ သမ္မတက ယုံကြည်မှုရှိသောဆက်ဆံရေးကို
အခြေပြုသည့် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် ယုံကြည်စွာ
လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မိမိတို့နှစ်နိုင်ငံတွင် တူညီသည့်အခြေအနေများစွာရှိပါကြောင်း၊
မိမိတို့ နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်သူပါဝင်မှုအားဖြင့်
အဓိကထားဖော်ဆောင်ခဲ့ပါကြောင်း၊ မိမိတို့သည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုရရှိစေရန်
ပြည်ပသို့ ကုန်ကြမ်းတင်ပို့မှုကိုလျှော့ချခဲ့ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုတင်ပို့နိုင်ရန်
ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူသွင်းကုန်တင်သွင်းမှုကိုလည်း လျှော့ချခဲ့ကြောင်း၊ မိမိတို့သည်
ဒီမိုကရေစီ လမ်းပေါ် လျှောက်လှမ်းရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို ဒီမိုကရေစီ၏လွတ်လပ်မှု
အခွင့်အရေးများနှင့် အတူ ယှဉ်တွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကလည်း မြန်မာ-မွန်ဂိုလီးယား နှစ်နိုင်ငံသည် ၂၀၁၄-
၂၀၁၅ ခုနှစ်အထိ ကုန်သွယ်မှုမရှိခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံမှ မွန်ဂိုလီးယားသို့
ဒေါ်လာ ၀ ဒသမ ၃၇ သန်းနီးပါး တန်ဖိုးရှိသည့် အထည်အလိပ်များတင်ပို့ခဲ့ပြီး မွန်ဂိုလီးယားမှ
ဒေါ်လာ ၀ ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆေးဝါး၊ တာယာ၊ အချိုရည်၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို
တင်သွင်းခဲ့ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံ၏
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မွန်ဂိုလီးယားအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု
မြှင့်တင်သွားရန် အရှိန်မြှင့်လုပ်ဆောင်နေပါကြောင်း၊ မိမိတို့နိုင်ငံသို့ မွန်ဂိုလီးယားသမ္မတလာရောက်ခြင်းသည်
၁၉၅၆ခုနှစ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီးနောက် ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပါကြောင်း၊
ပထမအကြိမ် ခရီးစဉ်ကို ၂၀၁၃ ခုနှစ်က လာရောက်ခဲ့ပြီး ထိုသို့လာရောက်စဉ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ
ပူးတွဲကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ပါကြောင်း။
အဆိုပါထုတ်ပြန်ချက်တွင် နှစ်နိုင်ငံကြား
ရှိရင်းစွဲစီးပွားရေးနှင့် သံတမန် ဆက်ဆံရေးကို တိုးမြှင့်သွားမည်ဟု ပါရှိကြောင်း။ မိမိတို့နိုင်ငံသည်
သဘာဝအရင်းအမြစ်၊ လူသားအရင်းအမြစ် ပေါကြွယ်ဝသော်လည်း နည်းပညာနှင့် အခြေခံအဆောက်အအုံ
လိုအပ်ချက်မှာ စိန်ခေါ်မှုအဖြစ် တည်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံ၏ စိန်ခေါ်မှုသည် မွန်ဂိုလီးယားနိုင်ငံအတွက်
အလားအလာကောင်းများ ဖြစ်လာမည်ဖြစ်ပါကြောင်းနှင့် မွန်ဂိုလီးယားနိုင်ငံမှ ကုန်သွယ်မှုနှင့်
ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ကွန်ဖရင့်တွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊
ဆက်သွယ်ရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ အပါအဝင် သဘာဝအရင်းအမြစ်ဆိုင်ရာကဏ္ဍများတွင်
ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရန် မျက်နှာစုံညီဆွေးနွေးခဲ့ကြ သည်။
ထို့ပြင် နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ
အစိုးရဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများမှ ပညာရှင်များနှင့် တာဝန်ရှိသူများက
ဘဏ်လုပ်ငန်းဆိုင်ရာ၊ သတ္ထုထူးဖော်ရေးဆိုင်ရာ၊ ဆက်သွယ်ရေးဆိုင်ရာ၊ ပို့ဆောင်ရေးဆိုင်ရာနှင့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာတမ်းများကိုလည်း တင်ပြဆွေးနွေးကြသည်။
အဆိုပါစာတမ်းများအပေါ် အခြေခံ၍ မွန်ဂိုလီးယားနိုင်ငံ
အမျိုးသားကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (UMFCCI)တို့ အကြား နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ
နားလည်မှုစာချွန်လွှာ MOU ကို အသင်းဥက္ကဋ္ဌများက လက်မှတ်ရေးထိုးခဲ့ပြီး မွန်ဂိုလီးယား-မြန်မာစီးပွားရေးကောင်စီ
တည်ထောင်ခြင်းအား ကြေညာခဲ့သည်။
လူဦးရေ သုံးသန်းခန့်ရှိသည့် မွန်ဂိုလီးယားနိုင်ငံသည်
သဘာဝတွင်းထွက် အရင်းအမြစ်ပေါများသည့်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံနှင့် ၁၉၅၆ ခုနှစ်မှစတင်၍
သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ရာယခုနှစ် တွင်နှစ်(၆၀)ပြည့်မြောက်သည်။

No comments:
Post a Comment