ပြင်ဦးလွင်
ဇွန် ၁၈
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းသည်
ယနေ့ နံနက် ၉ နာရီတွင် ပြင်ဦးလွင်မြို့နယ် ဗဟို ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊
ရတနာ ခန်းမ၌ အခြေခံပညာ ဆရာ၊ ဆရာမများ အထူး မွမ်းမံသင်တန်း အမှတ်စဉ်(၆၆) သင်တန်းဆင်းပွဲ
အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင်
ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် ဝန်ထမ်းများ ရွေးချယ်ခြင်း၊ အရည်အသွေးမြှင့် လေ့ကျင့်ခြင်းစသည့်
ဝန်ထမ်းစွမ်းရည် မြှင့်တင်ပေးသည့် အပိုင်းတွင် အရေးပါသည့် အခန်းကဏ္ဍမှ ဆောင်ရွက်လျက်ရှိကြောင်း၊
ယနေ့ ပြည်ထောင်စုရာထူးဝန် အဖွဲ့သည် UNDP, JICA, World Bank, Hanns Seidel
Foundation, EU (GOPA) စသည်တို့နှင့် ပူးပေါင်း၍ ပြည်သူ့ ဝန်ထမ်းများ စွမ်းဆောင်ရည်
(Capacity)မြင့်တက် လာစေရန် ပြည်သူ့အတွက် အပြည့်အဝ ဆောင်ရွက် ပေးမည် ဆိုသည့် စိတ်ဓာတ်
မျိုးထားရှိရန် လေ့ကျင့်ပျိုးထောင် ပေးသွားမည် ဖြစ်ကြောင်း၊ ပြန်တမ်းဝင် အရာရှိ များ
ရွေးချယ်ရာတွင် လက်ရှိအသုံး ပြုလျက်ရှိသော ဘာသာရပ် မေးခွန်းပုံစံများကို ပြောင်းလဲခြင်း၊
ဗဟိုဝန်ထမ်း တက္ကသိုလ်(၂)ခုတွင် ပြည်သူ့ ဝန်ထမ်းအကယ်ဒမီ (Civil Services Academy) များကို
ဖွင့်လှစ်ပြီး ဘွဲ့လွန် ဒီပလိုမာ၊ အဆင့်မြင့် ဒီပလိုမာ၊ မဟာဘွဲ့များ အပ်နှင်းချီးမြှင့်
ပေးသွားမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ ရပိုင်ခွင့် များဖြစ်သော လုပ်သက်ခွင့်၊ ကလေးပြုစု
စောင့်ရှောက်ခွင့်နှင့် လုပ်သက် (၃၀)နှစ်ပြည့် ပင်စင်ခံစားခွင့်များနှင့် စပ်လျဉ်း၍
နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ ကိုလည်း ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီး ဌာနအနေဖြင့် သင်ယူသူတို့၏
ဘဝအတွက် အခြေခံကောင်းပေးသည့် ပညာရေး ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးရမည် ဖြစ်သောကြောင့်
စဉ်းစားတွေးခေါ်မှုကို အားပေးပြီး၊ ၂၁ ရာစု အဆင့် ကျွမ်းကျင်မှုများ ရရှိပြီး တွေးခေါ်ကြံဆ
ဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်ရှိပြီး ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းများ
ဖြစ်အောင် လေ့ကျင့်ပျိုးထောင် ပြုစုပေးကြရမည် ဖြစ်ကြောင်း၊ ကျောင်း သား၊ ကျောင်းသူများ အပေါ် စေတနာ၊ ဝါသနာ၊
အနစ်နာခံပြီး သင်ကြားပေးမည်ဟု ယုံကြည်ချက် အပြည့် အဝရှိသည့် ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်များနှင့်
တာဝန်ရှိသူများ အားလုံးက လက်တွဲညီညီ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူအားလုံးကို
ကျောင်းစာသင်ခန်း အတွင်းမှာပင် သင်ယူမှု တတ်မြောက်အောင် သင်ကြား ပေးကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့
ဥက္ကဋ္ဌက သင်တန်းသား စံပြဆုရရှိသူ တို့အား ဆုများချီးမြှင့်ပြီး သင်တန်းဆင်း အောင်လက်မှတ်များကို
သင်တန်းသား၊ သင်တန်းသူ ကိုယ်စားလှယ်များအား ပေးအပ်သည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့
အခြေခံပညာ ဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူ (၁၄၈၇)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ
ရက်သတ္တ (၅)ပတ် ကြာမြင့်ခဲ့ကြောင်းသိရသည်။
ထို့နောက် တက္ကသိုလ်အတွင်းရှိ ပင်မရုံးကြီး၊ ရတနာခန်းမ၊
ပတ္တမြားခန်းမ၊ နဝရတ်ခန်းမ၊ စာသင်ဆောင်များ၊
ကွန်ပျူတာ(၂)ထပ် စာသင်ဆောင်၊ တက္ကသိုလ် စာကြည့်တိုက်နှင့် သင်တန်းသား၊ သင်တန်းသူ (၂)ထပ်အိပ်
ဆောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။

No comments:
Post a Comment