နေပြည်တော်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့တွင် မေ ၃၀ ရက်မှ
ဇွန် ၁၀ ရက် အထိ ကျင်းပခဲ့သော (၁၀၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ
တက်ရောက်၍ ဇွန် ၇ ရက်တွင် ညီလာခံစုံညီ အစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ညီလာခံကာလအတွင်း
အာဆီယံအလုပ်သမားဝန်ကြီးများ၏ အလုပ်သဘော နံနက် တွေ့ဆုံပွဲ တွင်လည်းကောင်း၊ အာရှ-ပစိဖိတ်
အလုပ်သမား ဝန်ကြီးများ အစည်းအဝေးတွင်လည်းကောင်း၊ မြန်မာနိုင်ငံ၏ အလုပ် သမားရေးရာကဏ္ဍ
အလိုက်ဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေများ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက် နေမှု အခြေအနေများကို
ဆွေးနွေးပြောကြားသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံး၊
ညွှန်ကြားရေးမှူးချုပ် Mr.Guy Ryder နှင့်အဖွဲ့အား ဇွန် ၆ ရက်တွင် ကုလသမဂ္ဂရုံးတွင် ယာယီဖွင့်လှစ်
ထားသည့် ၎င်း၏ရုံး၌တွေ့ဆုံပြီး၊ မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုပပျောက်ရေး အကောင် အထည်ဖော်ဆောင်ရွက်ရာ၌
အကူအညီပေးရန်ထားရှိသည့် အိုင်အယ်လ်အို ဆက်သွယ်ရေး အရာရှိရုံးအစား၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို
ပိုမိုကူညီဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ အိုင်အယ်လ်အိုရုံးအဖြစ် ပြောင်းလဲ
ဖွင့်လှစ်ရေးကိစ္စအပါအဝင် မြန်မာနိုင်ငံနှင့် အိုင်အယ်လ်အိုတို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကို
ဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့မှ အလုပ်ရှင် ကိုယ်စားလှယ်နှင့်
အလုပ်သမား ကိုယ်စားလှယ်တို့လည်း အတူတက်ရောက်ခဲ့ကြသည်။
ထို့နောက် အမေရိကန်ပြည်ထောင်စု၊ အလုပ်သမားရေးရာ
ဝန်ကြီးဌာနမှ Associate Deputy Undersecretary Mr. Eric R. Biel နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ
နိုင်ငံတကာ အလုပ်သမားရေးရာဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Sarah Fox နှင့် အဖွဲ့အား ဇွန်
၁၀ ရက်တွင် ကုလသမဂ္ဂရုံး၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ကိစ္စရပ်များ
ပူးပေါင်း ဆောင်ရွက်ရေးကို ဆွေးနွေးခဲ့သည်။ အဆိုပါ ညီလာခံနှင့်တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ
မြန်မာအမြဲတမ်း ကိုယ်စားလှယ်/သံအမတ်ကြီး ဦးမောင်ဝေလည်း ပါဝင်တက်ရောက်သည်။
ထို့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့သည်
အလုပ်သမားများလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကို ပိုမိုထိရောက်စွာ
ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ရာတွင် ပူးပေါင်း
ဆောင်ရွက်ရေးနှင့် အကူအညီပေးရေးကိစ္စများကို အိုင်အယ်လ်အိုရုံးမှ တာဝန်ရှိသူများနှင့်
လည်းကောင်း၊ ဂျာမနီနိုင်ငံ၊ ဥရောပနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်အကိုင်နှင့် လူမှုရေး
မူဝဒဌာန ညွှန်ကြားရေးမှူးချုပ် Ms. Susanne Hoffman တို့နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း
သိရှိရသည်။

No comments:
Post a Comment