Tuesday, June 28, 2016

ညီညွှတ်ရေးကို အခြေခံသည့် ငြိမ်းချမ်းရေးကို ဆောက်တည်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းပြောကြား


နေပြည်တော် ဇွန် ၂၈
“နောင်မျိုးဆက်တွေအတွက် ထားခဲ့ရမယ့် အကောင်းဆုံး အမွေအနှစ်ဆိုတာ ငြိမ်းချမ်းရေးပါပဲ။ ကျွန်မတို့ နိုင်ငံဟာ ငြိမ်းချမ်းမှ တိုးတက်နိုင်မှာပါ။ မငြိမ်းချမ်းတဲ့ နိုင်ငံဟာ တိုးတက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ညီညွှတ်မှ ငြိမ်းချမ်း နိုင်မှာပါ။ ဒါ့ကြောင့် ကျွန်မတို့က ညီညွှတ်ရေးကို ရှာဖွေရမယ်။ ညီညွှတ်ရေးကို အခြေခံတဲ့ ငြိမ်းချမ်းရေးကို ဆောက်တည် ရမယ် ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးကြစဉ် နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထိုသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တန်ဖိုးရှိသည့်အရာများသည်  အလွယ် တကူ မရနိုင်ပါကြောင်း၊ အခက်အခဲများ ရှိနိုင်ပါကြောင်း၊ မိမိတို့ တန်ဖိုးထားတတ်ရန်  အရေးကြီးပါကြောင်း၊ မိမိတို့တန်ဖိုးထားရသည့်အရာများ  ရရှိရန်  မည်မျှပင် ခက်ခဲစေ ကာမူ မိမိတို့သည် ကြိုးစားဆောင်ရွက်မည် ပူးပေါင်းဆောင်ရွက် မည်ဆိုသည့် သန္နိဋ္ဌာန် ဖြင့် ဆောင်ရွက်လျှင် ရရှိမည်ဖြစ်ပါကြောင်း။
တိုင်းရင်းသားများအားလုံး လုံခြုံမှုနှင့်  လွတ်လပ်မှုကို အာမခံနိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တခု ထူထောင်ရန် ၀ိုင်းဝန်းကူညီကြပါရန် မိမိတို့အနေဖြင့် မေတ္တာရပ်ခံပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် တစ်ဖက်တည်း၊ တစ်ကြိမ် တည်းဖြင့် ဆောင် ရွက်၍ မရပါကြောင်း၊ သို့သော် ငြိမ်းချမ်းရေးရရှိရန် အမြန်ဆုံးဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
လွတ်လပ်ရေးရရှိသည်မှာ နှစ် ၇၀ နီးပါးရှိပြီဖြစ်ပါကြောင်း၊  ရာစုနှစ်၏  လေးပုံ သုံးပုံဖြစ်ပါကြောင်း၊ ထိုအချိန်အတွင်း မိမိတို့သည်  ပြည်ထောင်စုတစ်ခုကို ခိုင်ခိုင် မာမာ မထူထောင်နိုင်ပါက မည်မျှကြာဦးမည်ဆိုသည်မှာ စဉ်းစားစရာဖြစ် ပါကြောင်း။
အစကောင်းမှ အနှောင်းသေချာမည်ဖြစ်သောကြောင့် အစကောင်းစေရန် အားလုံးက ညီညွှတ်သည့် စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မည် ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မိမိတို့ရည်ရွယ်ချက် အောင်မြင်ရန် အားလုံးက ဝိုင်းဝန်း ကူညီပေးကြရန် လိုအပ်ပါကြောင်း။
အားလုံးကပါဝင်မှ အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် အားလုံးပါဝင်ရန် ဖိတ် ခေါ်ပါကြောင်း၊ ပြည်ထောင်စုတစ်ခုတွင် ပြည်ထောင်စု တိုင်းရင်းသား အားလုံးက လိုလို လားလားလက်ခံမှသာ၊ လိုလိုလားလား ဝိုင်းဝန်းတည်ဆောက်ရန် ဆန္ဒရှိမှသာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး မိမိတို့၏ စိုးရိမ်မှုများကို တင်ပြကြမည်ကို သဘောပေါက် နားလည်ပါကြောင်း၊ အပြောင်းအလဲနှင့် ရင်ဆိုင်ရလျှင် စိုးရိမ်မှုများ ဖြစ်ပေါ်နိုင်ပါ ကြောင်း။
မိမိတို့အစိုးရအနေဖြင့် လျှို့ဝှက်ရည်မှန်းချက်များလည်း မရှိကြောင်း၊ စစ်မှန်သည့်  မိမိတို့၏ ပြည်ထောင်စုနိုင်ငံသူ နိုင်ငံသား များအားလုံး ချမ်းချမ်းသာသာ ငြိမ်းငြိမ်း ချမ်းချမ်းနေနိုင်သည့် ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ရန်ဆိုသည့် ရည်ရွယ်ချက် သာရှိကြောင်း၊ လက်ရှိအစိုးရဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကြောင့် အပြောင်း အလဲများနှင့် ကြုံတွေ့လာပါကလည်း စိုးရိမ်ပူပန်ခြင်းမရှိကြရန် တိုင်းရင်းသား များကို မှာကြားလိုကြောင်း၊ တိုင်းရင်း သားများ ခံစားနေရသည့် စိုးရိမ်ပူပန်မှုများကို လည်း ယခုဆွေးနွေးပွဲတွင် တင်ပြကြရန်နှင့် စိုးရိမ်ပူပန်မှုများကို ယုံကြည် မှုနှင့် ကျော် လွှားကြရန် လိုအပ်မည် ဖြစ်ကြောင်း။
လူများအနေဖြင့် အပြောင်းအလဲနှင့် ရင်ဆိုင်ရပြီဆိုပါက စိုးရိမ်တတ်ကြကြောင်း၊ ဤသည်မှာလည်း သဘာဝကျပါကြောင်း၊ ယခင်က မတွေ့မကြုံဖူးသည့် ကိစ္စများ၊ ယခင်က အလေ့အကျင့် မရှိဖူးသည့် အရာများနှင့် မျက်နှာချင်းဆိုင်ရပြီဆိုပါက စိုးရိမ်မှု ရှိသည် ဆိုသည်မှာ သဘာဝကျပါကြောင်း၊ စိုးရိမ်မှုကို ကျော်ဖြတ်နိုင်သည့် အရာမှာ ယုံကြည်မှုပင် ဖြစ်ပါကြောင်း၊ ယုံကြည်မှု မရှိ၍ စိုးရိမ်မှုဟူသည် ဖြစ်ပေါ်ခြင်း ဖြစ်ပြီး ယုံကြည်မှုရှိလျှင် စိုးရိမ်မှုကို ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး အတွက် ကြိုပမ်းမှုများသည် အောင်မြင်မည်ဟု ယုံကြည်ပြီး စိတ်ဓာတ် တက်တက် ကြွကြွဖြင့် ဆောင်ရွက် သွားမည်ဆိုပါက စိုးရိမ်မှုများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း။
ငြိမ်းချမ်းရေးမှတစ်ဆင့် မိမိတို့လိုလားသည့် ချမ်းသာကြွယ်ဝသည့် နိုင်ငံ တစ်နိုင်ငံကို ထူထောင်နိုင်မည်ဖြစ်ပါကြောင်း၊ နောင်မျိုးဆက်သစ်များကို တစ်ဆင့်ပြီး တစ်ဆင့် ကောင်းမွန်သည့် အမွေနှင့်အတူ တာဝန်များကိုလည်း လက်ဆင့်ကမ်း ပေးသွားရမည် ဖြစ်ပါကြောင်း။
လူငယ်များသည် တာဝန်ကို ထမ်းဆောင်လိုသည့် စိတ်ဓာတ်နှင့် ထမ်းဆောင် ရဲသည့် သတ္တိရှိရန် လိုအပ်ပါကြောင်း၊ လူငယ်များသည် သတ္တိရှိရှိ တာဝန်သိသိဖြင့် မိမိတို့ ထမ်းဆောင်ရမည့်တာဝန်ကို ထမ်းဆောင်ရန် အသင့်ဖြစ်အောင် မိမိတို့က ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ လူကြီးများအနေဖြင့် ကောင်းမွန်သည့် အမွေကို ချန်ထား ပေးနိုင်ရန်ကြိုးစားသွားရမည်ဖြစ်ပါကြောင်း။
ကောင်းမွန်သည့်အမွေကို ချန်ထားမပေးနိုင်ခဲ့လျှင် မိမိတို့လူကြီးများ၏ ချို့ယွင်းချက်ဖြစ်သကဲ့သို့ ချန်ထားပေးခဲ့သော ကောင်းမွန်သည့် အမွေများကို မထိန်း သိမ်းနိုင်လျှင် လူငယ်များ၏ ချို့ယွင်းချက်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မျိုးဆက်တိုင်းတွင် တာဝန်ရှိပါကြောင်း။
နိုင်ငံတစ်နိုင်ငံထူထောင်ရန် အခြေခံအကျဆုံးလိုအပ်ချက်သည့် တာဝန်သိစိတ် ဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခု အောင်မြင်ရန် အတွက် အခြေခံအကျဆုံး လိုအပ်ချက်သည်လည်း တာဝန်သိစိတ်ပင် ဖြစ်ပါကြောင်း၊ တာဝန်သိစိတ် မရှိဘဲ မိမိ ရနိုင်သည့် အခွင့်အရေးကိုသာ ကြည့်နေပါက မည်သည့် လုပ်ငန်းမျှ အောင်မြင်မည် မဟုတ်သကဲ့သို့ မည်သည့်အဖွဲ့အစည်းမျှ ရေရှည်ရပ်တည် နိုင်မည် မဟုတ်ပါကြောင်း။
ထို့ကြောင့် တာဝန်သိစိတ်ဖြင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးသွားကြရန် မေတ္တာ ရပ်ခံလိုပါကြောင်း။ မိမိတို့ အားလုံးသည် ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ဖြစ်ပေါ်ရန် မိမိတို့ ဘာပေးနိုင်မလဲဆိုသည့် စေတနာအပြည့်အဝဖြင့် ယခုအစည်းအဝေးကို အောင်အောင်မြင်မြင်ဖြင့် ဆောင်ရွက်နိုင်ပါစေဟု မိမိအနေဖြင့် ဆန္ဒပြုပါကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့အတူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင်များ ဖြစ်ကြသော စိုင်းဘောင်ခေး၊ ခွန်ဥက္ကာ၊ ပူးဇင်ကျုံး၊ ခိုင်စိုးနိုင်အောင်၊ ဒေါက်တာ နော်ကပေါ်ထူး၊ ဦးသံခဲနှင့် စောမိုရှေးတို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ၎င်းတို့၏ မူဝါဒ များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီဝင်များက NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းနေမှုအခြေအနေများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံကျင်း ပနိုင်ရေး အကြိုဆောင်ရွက်နေမှုအခြေအနေများ၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ပါ အကောင်အထည်ဖော်ရမည့် အချက် များနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နှစ်ဖက်ဆွေးနွေးချက်များအပေါ် ခြုံငုံသုံးသပ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်ရေး တိုင်းရင်းသား ခေါင်းဆောင်များက ဝိုင်းဝန်းပံ့ပိုး ကူညီကြရန် တိုက်တွန်း ပြောကြား သည်။
ယခုအစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့နှင့် အစိုးရ အဖွဲ့တို့အကြား ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံမှုဖြစ်ပြီး မကြာမီ ကျင်းပမည့် “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံအတွက် အထောက် အကူ ဖြစ် စေမည် ဖြစ်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လာမည့် သြဂုတ်လ နောက်ဆုံးပတ်ထက် နောက်မကျ စေဘဲ ကျင်းပနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ယခု အစည်းအဝေးတွင် တက်ရောက်လာကြသူများအားလုံးက သဘော တူညီခဲ့ကြ သည်။
အဆိုပါအစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ညီလာခံကြိုတင်ပြင်ဆင်ရေး ကော်မတီဝင်များနှင့် အထောက်အကူပြု အဖွဲ့များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အဖွဲ့ဝင်များ တက်ရောက် ဆွေးနွေး ကြသည်။

ပြီးခဲ့သည့် မတ်လအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့၏ ထိပ်သီး ခေါင်းဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment