Sunday, June 12, 2016

မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ် တွေ့ဆုံပွဲ စစ်ကိုင်း တိုင်းဒေသကြီး၌ ကျင်းပ



နေပြည်တော် ဇွန် ၁၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းတွင် ကျင်းပသော မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့် အမှာစကား ‌ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ‌ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအရ အသက်(၁၅)နှစ်မှ (၂၄)နှစ် အရွယ်အတွင်းရှိ လူငယ်ဦးရေသည် နိုင်ငံလူဦးရေ၏ (၁၇.၈၁%) ရှိသည့် အတွက် နိုင်ငံရဲ့ ကြီးမားလှတဲ့ အင်အားစုတစ်ရပ် ဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အနာဂတ် နိုင်ငံတော်ကို ဦးဆောင်မယ့် လူငယ်များရဲ့ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို အားသွန်ခွန်စိုက် ဖန်တီး ကြိုးစား ဆောင်ရွက်ကြဖို့ အလွန် အရေးကြီးပါကြောင်း။
ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် လူငယ် မူဝါဒရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် နိုင်ငံပေါင်း (၃၀) ကျော် ရှိသည့် အနက် မြန်မာနိုင်ငံသည်လည်း တစ်နိုင်ငံ အပါအဝင် ဖြစ်ပါကြောင်း၊ လူငယ်မူဝါဒ ရေးဆွဲနိုင်ခြင်း မရှိတဲ့ နိုင်ငံများမှာ လူငယ်များ၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များ၊ အမြင်များ အပေါ် အခြေခံ၍ လုံလောက်သည့် တုန့်ပြန်မှုများ ဆောင်ရွက် ပေးနိုင်ရန် လိုအပ်လျက် ရှိတာကြောင့် မြန်မာနိုင်ငံမှာလည်း လူငယ်မူဝါဒများ ရေးဆွဲ ဆောင်ရွက်ရန် လိုအပ် လာပါကြောင်း၊ ထို့ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ဦးဆောင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရ မဟုတ်သော လူမှုရေး အဖွဲ့အစည်းများ၊ UN Agenciesများ၊ လူငယ် ကိုယ်စားလှယ်များနှင့် အတူ လူငယ်မူဝါဒရေး ဆွဲနိုင်ရန် အတွက် လူငယ်မူဝါဒ ရေးဆွဲရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ မူကြမ်း ရေးဆွဲရေး အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ရန် စီစဉ်လျက် ရှိပါကြောင်း၊ လူငယ်နှင့် သဘာဝ ပတ်ဝန်းကျင်၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၊ လူငယ်ရေးရာ မူဝါဒများကို ဆွေးနွေးသွားမှာ ဖြစ်ကြောင်း သိရှိရတဲ့ အတွက် ရလဒ်ကောင်းများ ရရှိအောင် ဝိုင်းဝန်း အကြံပြု ဆွေးနွေးဖို့ မှာကြား လိုပါကြောင်း စသဖြင့် ပြောကြားသည်။
ဆက်လက်၍ နံနက် (၁၀)နာရီအချိန်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သဘာဝဘေး ကြိုတင် ကာကွယ်ရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ မုံရွာမြို့ ချင်းတွင်းမြစ်ရိုး တာပေါင် ကြံ့ခိုင်ရေးနှင့် ဂလိုင်ထူးပေါက်များ မရှိစေရေးအတွက် မိုးတွင်း ကာလတွင် စနစ်တကျ စောင့်ကြည့် ပြုပြင်ရေးများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးသည်။ ထို့နောက် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ဌာနအလိုက် ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးမှ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်မှုနှင့် ပတ်သက်၍ ဆွေးနွေးချက်များအား ပြန်လည် အကြံပြု ဆွေးနွေးပေးသည်။ အခမ်းအနားတွင် ဝန်ကြီးဌာနမှ နှစ်စဉ် ထောက်ပံ့ပေးလျက် ရှိသော ဘိုးဘွားရိပ်သာနှင့် ပရဟိတဂေဟာများသို့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွက် ထောက်ပံ့ငွေ ကျပ် (၇၉၉၇၈၀၀၀)နှင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ကူညီ ကယ်ဆယ်ရေးများ ပြုလုပ်ရန် အတွက် ဖိုင်ဘာလှေ (၃)စီး ဝယ်ယူရန် ငွေကျပ် သိန်း (၅၀)အား ပေးအပ်ရာ စစ်ကိုင်း တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီးမှ လက်ခံရယူသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနသည် (၉-၆-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကောလင်းမြို့ ရေကြီးရေလျံမှုတွင် ထိခိုက် ခံစားခဲ့ရသော အိမ်ထောင်စု (၅၅၂၈)စု၊ လူဦးရေ (၂၅၂၄၂)ဦးအတွက် ဆန်(၃)ရက်စာ၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်၊ စက်သုံးဆီများ အတွက် ထောက်ပံ့ငွေ စုစုပေါင်း (၂၄၃၆၄၇၀၀)ကျပ် အား တာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးခဲ့ပါသည်။ ထို့ပြင် စစ်ကိုင်း တိုင်းဒေသကြီး အတွင်း ၂၀၁၆ ခုနှစ် ဧပြီလနှင့် မေလတွင် လေပြင်း တိုက်ခတ်မှု (၆၀)ကြိမ်၊ မီးလောင်မှု (၁၁)ကြိမ် ဖြစ်ပွားခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးအနေဖြင့် ထောက်ပံ့မှု စုစုပေါင်း ငွေကျပ် (၂၄၂၃)သိန်း ထောက်ပံ့ပြီး ဖြစ်သည်။
ကောလင်းမြို့ ရေကြီးလျှင် ကြီးချင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် ကောလင်းမြို့သို့ သွားရောက်၍ ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ခြင်း၊ ရိက္ခာ ထောက်ပံ့ခြင်းများ ဆောင်ရွက်ကာ ကောလင်းမြို့နယ် အုပ်ချုပ်ရေးဌာန အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး၍ ရေကြီးမှု ကြိုတင် ကာကွယ်ရေး၊ ပြင်ဆင်ရေး လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန၊ ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေး ပစ္စည်း သိုလှောင်ရုံ၊ လူမှုဝန်ထမ်း ဦးစီးဌာန၊  ဦးစီးမှူးရုံးနှင့် နေ့ကလေး ထိန်းကျောင်းတို့အား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment