Friday, May 27, 2016

ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် မေ ၂၇
ပြည်သူအများ ၀ယ်ယူပိုင်ဆိုင် အသုံးပြုနေကြသည့် တရားမ၀င် မော်တော်ယာဉ်များ နှင့်စပ်လျဉ်း၍ တရားဝင် လိုင်စင် ရရှိအောင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ယနေ့အစည်းအဝေး တွင် ဖြေကြားသည်။

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင်၏ ပြည်သူအများ လက်ဝယ်၊ ၀ယ်ယူပိုင်ဆိုင် အသုံးပြု နေကြသော တရားမ၀င် မော်တော်ယာဉ်များအား သင့်တော်သည့် နည်းလမ်းတစ်မျိုးမျိုးဖြင့် တရားဝင်လိုင်စင် ရရှိအောင် ဆောင် ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လိုင်စင်မဲ့မော်တော်ယာဉ်များ လိုင်စင်ရရှိအောင် ဆောင်ရွက်ပါက တရားဝင် တင်သွင်းလာသည့် ယာဉ်ပိုင်ရှင်များ နစ်နာမှုရှိ၍ မကျေနပ်ခြင်းနှင့်အတူ မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်နိုင်ခြင်း၊ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ် ရောင်းချလျက်ရှိသည့် အရောင်း စင်တာ၊ အရောင်းပြခန်းများ ထိခိုက်နိုင်သည့် အပြင် ကန့်ကွက်မှုများ ဖြစ်ပေါ်နိုင်ခြင်း၊ ပြည်တွင်းကားဈေးကွက် ကမောက်ကမ ဖြစ်နိုင်ခြင်း၊ တည်ဆဲဥပဒေနှင့် နည်းဥပဒေများကို ဖောက်ဖျက်ကျော်လွန် ဆောင်ရွက်လာနိုင်ခြင်း၊ တရားမ၀င်တင်သွင်းမှုကို အားပေးရာ ရောက်ခြင်း၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် စနစ်များနှင့် ဆန့်ကျင်နေခြင်း၊ အိမ်နီးချင်း နိုင်ငံများမှ ခိုးယူလာသည့် ယာဉ်များဖြစ်ပါကလည်း ကန့်ကွက်တားမြစ်ခြင်းများကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် မလိုလား အပ်သော ကိစ္စများ ရှုပ်ထွေးလာနိုင်ပါကြောင်း၊ တရားမ၀င် လမ်းကြောင်းများမှ ယာဉ်များထပ်မံဝင်ရောက်ခြင်း မရှိစေရန်အတွက် ပြည်တွင်း၌ ရောက်ရှိ နေသည့် တရားမ၀င်လိုင်စင်မဲ့ယာဉ်များကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသ ကြီးအစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိ အဖွဲ့အစည်းများ ပူးပေါင်း၍ စီမံချက်များချမှတ်ပြီး ရှောင်တခင်စစ်ဆေးဖမ်းဆီး အရေးယူခြင်း၊ နယ်စပ်ဒေသ ၀င်ပေါက်များမှ ထပ်မံ၍ ၀င်ရောက်မလာနိုင်ရန် ဌာနစုံ ပူးပေါင်း အဖွဲ့များ ဖွဲ့စည်းတာဝန်ပေး၍ တင်းကြပ်စွာ တားမြစ်ပိတ်ဆို့ဖမ်းဆီးခြင်းနှင့် ဥပဒေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ကျူးလွန် သူများကိုလည်း ထိရောက် ဟန့်တားသည့် ပြစ်ဒဏ်များ ချမှတ်အရေးယူခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြည်ထောင်စု ၀န်ကြီးက ဖြေကြားသည်။
အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ ရသေ့တောင် မြို့နယ် အုတ်ဖို (ခ) အိုးဖောက်ကျေးရွာ၌ သင်္ဘောဆိပ်ခံတံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရသေ့တောင်မြို့နယ် အုတ်ဖို (ခ) အိုးဖောက် ကျေးရွာ၌ သင်္ဘောဆိပ်ခံတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတို့တွင် လျာထားခြင်း မရှိပါကြောင်း၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်း၌ ထည့်သွင်း၍ ဆောင်ရွက် ပေးမည်ဖြစ်ပါ ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြားသည်။
ထို့ပြင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ်ရှိ ပျက်စီးနေသည့် ရထား လမ်းများအား ပြုပြင်ပြေးဆွဲမည့် အချိန်ကို သိရှိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရှောင်ကွင်းလမ်းကို ထပ်မံရှာဖွေခဲ့သော်လည်း ယခုအချိန်အထိ ဒေသခံပြည်သူများ၏ သဘောတူညီမှု မရရှိသဖြင့် ကျောက်တော် - မြောက်ဦး ရထား လမ်းပိုင်းကို ဆက်လက် အကောင်အထည် ဖော်နိုင်ခြင်း မရှိပါကြောင်း၊ ဒေသခံပြည်သူများ၏ သဘော တူညီချက် ရရှိပါက ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်သို့ ဘဏ္ဍာငွေတင်ပြတောင်းခံ၍ ခွင့်ပြုပါက ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် သဘာဝဘေး ဒဏ်ကြောင့် ယိုးတရုတ် - ကျောက်တော် လမ်းပိုင်း၏ ပျက်စီးမှုများ ပြန်လည်ပြုပြင်ရန် အတွက် စုစုပေါင်းဘဏ္ဍာငွေကျပ် ၅၄၈ ဒသမ ၂ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၆ - ၂၀၁၇ ဖြည့်စွက်ရန်ပုံငွေ၌ ထည့်သွင်းလျာထား တောင်းခံ၍  ဘဏ္ဍာငွေ ခွင့်ပြုချက် ရရှိပါက ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ပွင့်လင်း ရာသီတွင် လမ်းပိုင်းများကို ပြင်ဆင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်မှ အတည်ပြုပေးပို့ထားသည့် ပြည်သူ့ကောင်စီ ဥပဒေ (ဥပဒေအမှတ် ၈/၁၉၇၄) နှင့် နိုင်ငံတော် ကောင်စီဥပဒေ (ဥပဒေအမှတ် ၁၀/၁၉၇၄) တို့ကို ရုပ်သိမ်းသည့် ဥပဒေကြမ်းများအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ သဘောတူကြောင်း ဆုံးဖြတ်ချက်ကို ပြန်လည်ပေးပို့လာကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်သို့ အသိပေးကြေညာသည်။
အမျိုးသားလွှတ်တော် အစည်းအဝေး ၃၂ ရက်မြောက်နေ့ကို မေ ၃၀ ရက်တွင် ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment