Friday, May 27, 2016

လယ်ယာမြေပြဿနာများအမြန်ဆုံး ပြီးပြတ်စေရေးနှင့် စွန့်လွှတ်မြေများကို အမှန်တကယ်သက်ဆိုင်သူများ လက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေး အမြန်ဆုံး မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်


နေပြည်တော် မေ ၂၇
လယ်ယာမြေပြဿနာများအမြန်ဆုံး ပြီးပြတ်စေရေးနှင့် စွန့်လွှတ်မြေများကို  အမှန်တကယ် သက်ဆိုင်သူများ လက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေး အမြန်ဆုံး မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်ပေးသွားကြရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။



တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အငြင်းပွားမှုပြဿနာများကို သိမ်းဆည်း ထားသည့် မြေပမာဏ၊ သိမ်းဆည်း မှုကြောင့် သက်ရောက်မှု ရှိစေသည့် တောင်သူ လယ်သမားဦးရေနှင့် စီးပွားရေးထိခိုက်နစ်နာမှု ပမာဏများ အပေါ် မူတည်ပြီး ဦးစားပေး အဆင့်သတ်မှတ်ကာ အထူးအဖွဲ့ခွဲများဖွဲ့စည်း၍ ဖြေရှင်းဆောင်ရွက်ပေးရန် လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌက ပြောသည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ ပထမအကြိမ်ညှိနှိုင်း အစည်းအဝေးကို နိုင်ငံတော်သမ္မတရုံး၊ အစည်း အဝေးခန်းမတွင် ယနေ့မွန်းလွဲ ၂ နာရီတွင်  ကျင်းပစဉ်  ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိုင်ငံအတွင်း မြို့ပြဆိုင်ရာ အခြေခံ အဆောက်အအုံများ တိုးချဲ့ တည်ဆောက်ခြင်း၊ လုံခြုံရေးဆိုင်ရာ အထူးစီမံကိန်း နယ်မြေများ သတ်မှတ်ခြင်း၊ စီးပွားရေးဆိုင်ရာ အထူး စီးပွားရေးဇုန်များ စက်မှုဇုန်များ တည်ဆောက်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးစီမံကိန်းများအတွက် ဌာနဆိုင်ရာ/ ပုဂ္ဂလိကကုမ္ပဏီများကို မြေနေရာချထား ပေးခြင်းများကြောင့် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခံရသည်ကို တွေ့ရှိရမည်  ဖြစ်ပါကြောင်း။
မြေပြဿနာအငြင်းပွားမှု ဖြစ်ပွားရခြင်းမှာ မြေယာစီမံခန့်ခွဲသည့်ဌာနများ၊  အဖွဲ့အစည်းများအကြား ပေါင်းစပ် ညှိနှိုင်းမှု အားနည်းခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများကို စီမံခန့်ခွဲသည့်အစိုးရ၊ ပြည်သူနှင့် ရင်းနှီးမြှုပ်နှံ သူများအကြား လုပ်ကိုင်ခွင့်၊ ပိုင်ဆိုင်ခွင့် အငြင်းပွားခြင်း၊ မြေမဲ့ယာမဲ့နှင့် မြေကျူးကျော်မှုများ ဖြစ်ပွားခြင်းတို့ ကြောင့် ဖြစ်ပါကြောင်း။
မိမိတို့အစိုးရအနေဖြင့် အဆိုပါပြဿနာများကို ပြည်သူများ မနစ်နာစေရန် စေတနာထားကာ ဥပဒေနှင့်အညီ တရားမျှတမှုရှိအောင် ရှင်းလင်းလွယ်ကူသော မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ကာ အမြန်ဆုံး ဖြေရှင်း ဆောင်ရွက် ပေးသွားမှာ ဖြစ်ပြီး လိုအပ်ပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း။
မိမိတို့ဒေသအတွင်း မြေသိမ်းဆည်းမှု ပြဿနာများကို ပြန်လည်စိစစ်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် နေပြည် တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း  ပြောကြား ခဲ့သည်။  
နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် ဝန်ကြီးဌာန များမှ တာဝန်ရှိသူများသာမက သက်ဆိုင်ရာနယ်မြေအလိုက် လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊  လယ်ယာ မြေဆိုင်ရာ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ တောင်သူလယ်သမား ကိုယ်စား လှယ်များကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းသွားမည်ဟု သိရသည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်တို့က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးအတွက် အဆင့်ဆင့်လုပ်ငန်းဖွဲ့စည်းဆောင်ရွက်မှုတို့ကို တင်ပြဆွေးနွေးကြသည်။
အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ၀န်ကြီးချုပ်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများနှင့် ပတ်သက်ပြီး ပြန်လည်ပေးအပ် နိုင်ရေးအတွက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သမ္မတကြီး၏ လမ်းညွှန် ချက်နှင့်အညီ လယ်ယာမြေများနှင့် အခြားမြေသိမ်းဆည်း ခံရမှုများအား ပြန်လည်ပေး အပ်နိုင်ရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် ကြစေလိုကြောင်း၊ အခက်အခဲများလည်း ရှိနိုင်ကြောင်း၊ တစ်ချို့လယ်ယာမြေကိစ္စများသည် မှန်ကန်မှု ရှိသလို တစ်ချို့မှာ မမှန်မကန်ရှိနေသည်ကိုလည်း တွေ့ရကြောင်း၊ မည်သို့ပင်ဖြစ်စေ၊ စိတ်စေတနာ သန့်သန့်ဖြင့် စေတနာထားပြီး မှန်မှန်ကန်ကန် အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။ 

No comments:

Post a Comment