Friday, May 27, 2016

ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်လာသည်နှင့်အမျှ အလုပ်ဌာန/စက်ရုံများတွင် ကျွမ်းကျင်လုပ်သားများနှင့် အင်ဂျင်နီယာများ အချိုးကျကျ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်



နေပြည်တော် မေ ၂၇
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်သကဲ့သို့ ပေါ်ပေါက် လာသော အခွင့် အလမ်းများကို အမိအရ မဆုပ်ကိုင်နိုင်ပါက မိမိတို့ လက်ရှိ အခွင့်အရေး များကို လက်လွှတ်ဆုံးရှုံးရသည့် အနေအထားနှင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် ကျွမ်းကျင်မှုနှင့် ပတ်သက်၍ စိန်ခေါ်မှုများ တွေ့ကြုံလာနိုင်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။





မြန်မာနိုင်ငံတွင် ပြောင်းလဲလာသော စီးပွားရေးဈေးကွက်နှင့်အညီ  ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးတက်လာသည်နှင့်အမျှ အလုပ်ဌာန/စက်ရုံများတွင် ကျွမ်းကျင်လုပ်သားများနှင့် အင်ဂျင်နီယာများ အချိုးကျကျ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေ ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။
အမျိုးသားအဆင့် လုပ်သားထုဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ (National Skills Development Forum) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ (MICC – 2) ၌ ကျင်းပစဉ် ဒုတိယသမ္မတ ဦးမြင့်ဆွေက ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။
အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) တွင် အာဆီယံနိုင်ငံများအနေဖြင့် စီးပွားရေးပေါင်းစပ်မှုနှင့်အတူ “ဘုံ” အလုပ်သမားဈေးကွက် ဖြစ်ပေါ်စေရန် ဦးတည်ပြီး ဝန်ဆောင်မှုနှင့် စက်မှု လက်မှုလုပ်ငန်းများတွင် အရည်အသွေးပြည့်ဝသည့် ပညာရေးစနစ်ဖြင့် ယှဉ်ပြိုင်နိုင်မှုများ တိုးတက် ကောင်း မွန်ရန် အဓိပ္ပါယ်နှင့် စည်းမျဉ်းသတ်မှတ်မှု အစီအစဉ်များ တပြေးညီဖြစ်လာစေရန်အတွက် မူဝါဒများ ချမှတ် ဆောင်ရွက်နေသည်။ ယင်းတို့မှာ ဘဝတစ်သက်တာ ပညာသင်ယူမှု (Lifelong Learning) ချောမွေ့စေခြင်း၊ အရည်အသွေးအသိအမှတ်ပြုမှု (Recognition of Qualification) တိုးတက်လာစေခြင်း၊ တစ်နိုင်ငံမှ တစ်နိုင်ငံ သို့ ပြောင်းရွှေ့ပညာ သင်ကြား နိုင်သော Credit Transfer စနစ်ကို  အားပေးရန်နှင့် တိုးမြှင့်ခြင်း၊ လုပ်သားများ ခေတ္တရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု (Worker Mobility) တိုးမြှင့်ခြင်းနှင့် အမျိုးသား အဆင့်အရည် အသွေး မူဘောင် (National Qualification Framework- NQF) ထူထောင်ခြင်း စသည့် မူဝါဒများ ချမှတ်ဆောင် ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေက အလုပ်ရှင်များအား မေတ္တာရပ်ခံလိုသည်မှာ အလုပ်သမားများ လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိလာသည်နှင့် အမျှ မိမိတို့၏ လုပ်ငန်းတိုးတက် လာမည်ဖြစ်သည့်အတွက် အလုပ်သမားများကို လုပ်ငန်းကဏ္ဍအလိုက် ကျွမ်းကျင်မှု သင်တန်းများ တက်ရောက်နိုင်ရေး အလေးထားဆောင်ရွက် ပေးစေ လိုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံလူဦးရေ (၅၁ ဒသမ ၄)သန်းခန့် အနက် အလုပ်လုပ်နိုင်သောလူဦးရေ (၃၂)သန်း ခန့်ရှိသည့်အတွက် အလုပ်လုပ်နိုင်သော လုပ်သားအင်အားပါဝင်မှုနှုန်း (၆၇)ရာခိုင်နှုန်းခန့်ရှိ ပါကြောင်း၊ ၂၀၁၅ခုနှစ်အကုန်မှစ၍ ၀င်ရောက်လာသော ASEAN Economic Community-AEC တွင် အာဆီယံဒေသတွင်း ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာရွှေ့ပြောင်းလုပ်ကိုင်သည့်အခါ မိမိတို့နိုင်ငံသားများ Skilled worker များဖြစ်ရန်အတွက် Vocational Training Centre အပြင် Testing Centre များလည်း တည်ထောင်ပြီး အမျိုးသားအဆင့် ကျွမ်းကျင်မှုအဆင့်အတန်းများ စိစစ်အကဲဖြတ်ပေး၍ မြန်မာလုပ်သားများအား အမျိုးသား အဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားရန် အထူးလိုအပ်ပါကြောင်း ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလုပ်သမားရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အလုပ် အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့ဝင်များ၊ အသင်းချုပ်၊ အသင်းအဖွဲ့ များမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဌာန်းရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့ အစည်းများ၊ NGO ၊ INGO များမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပမှ ဘာသာ ရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက် ခဲ့ကြသည်။
ဖွင်ပွဲအခမ်းအနားအပြီးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ  အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် တာဝန်ရှိ သူများက  အမျိုးသားအဆင့်လုပ်သားထုဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ ကျင်းပရသည့် အကြောင်းရင်းနှင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၏ အလုပ်သမားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် အမျိုးသားအဆင့်လုပ်သားထုဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက် ရေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အလုပ် အကိုင် အခွင့်အလမ်းများ၊ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ ကျွမ်းကျင်မှု “စံ” သတ်မှတ် ခြင်း၊ သင်ရိုးညွှန်းတမ်း ရေးဆွဲနိုင်ရေး တို့ကို တင်ပြဆွေးနွေးပြီး  နိုင်ငံတကာဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများက ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက် နေမှုနှင့် ရှေ့ဆက်လက်ကူညီဆောင်ရွက် ပေးနိုင် သည့် လုပ်ငန်းကဏ္ဍများကို ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

No comments:

Post a Comment