Tuesday, April 26, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီနှင့် ဧပြီ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးမည်


နေပြည်တော် ဧပြီ ၂၆
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီနှင့် ဧပြီလ ၂၇ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားလိုက်သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)၏ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပလျက်ရှိရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ထိုကဲ့သို့ထည့်သွင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အစိုးရသစ်၏မူဝါဒအရ တိုင်းရင်းသားများ ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်း ရေးကို ဦးစားပေးဆောင် ရွက်သွားမည်ဟု အကြိမ်ကြိမ် ပြောကြား၍ချမှတ်ထားပြီးဖြစ်ရာ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး အတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များက စံပြအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ NCA ကို လက်မှတ်ရေး ထိုး၍ (JMC)ကို စတင်တည်ထောင်ပြီး နောက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက် မှုများ လျော့ကျရပ်ဆိုင်းသွားသည်ကို တွေ့ရှိရကြောင်း ၊ အသေးစားတိုက်ခိုက်မှု သုံးကြိမ်သာဖြစ်ပွားခဲ့မှုဖြင့်တွေ့ရှိရမှာဖြစ်ကြောင်း၊အောက်ခြေတွင် ညှိနှိုင်းဆောင်ရွက် မှုများရှိခဲ့၍လည်း ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပေါ် စေရန် တားဆီးနိုင်ခဲ့ခြင်းလည်းဖြစ် ပါကြောင်း ၊ မတ်လ ၃၁ ရက်က မြန်မာ့ငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC) ဖျက်သိမ်း ခဲ့သော်လည်း JMC ၏ အစည်းအဝေးများကို ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ကော် မတီအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး (NCA) ကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တွေ့ဆုံ ဆွေးနွေးမှု အပိုင်းကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း  ၊ NCA အခန်း (၃) အပိုဒ် (၅)တွင် ပါဝင်သည့် နှစ်ဘက်တပ်များ လိုက်နာရမည့်အချက်(၆)ချက်ကို လိုက်နာဆောင်ရွက် ကြခြင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လျော့ကျသွားမည်ဖြစ်ကာ မိမိတို့ကော်မတီ အနေဖြင့်လည်း ပစ်ခတ်တိုက်ခိုက်မှုများ လျော့ကျသွားစေရန် ဆောင်ရွက်နို်င်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ 
ထို့နောက် ဒုတိယဥက္ကဋ္ဌ (၁) ကေအန်ယူမှ စောအိုင်းဇက်ဖိုးက မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၆၀) ကျော်ဖြစ်ပွားနေခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ များသည် နိုင်ငံရေး ကြောင့်ဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင် နည်းဖြင့်ဖြေရှင်းခဲ့သည့်အတွက် ယခုကဲ့သို့ တိုင်းသူပြည်သားများ အတိဒုက္ခရောက်ခဲ့ရ သကဲ့သို့ နှစ်ဘက်စလုံးတွင် အကျအဆုံးများ ရှိခဲ့သည့်အပြင် တိုင်းပြည်မှာလည်း ဆင်းရဲတွင်းထဲ ကျရောက်ခဲ့ကြောင်း ၊ ထို့ကြောင့် မိမိတို့အနေဖြင့် လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် လုပ်ဆောင်သွားကြ ရမည်ဖြစ်ကြောင်း ပြောကြားပြီး အရပ်သားကိုယ် စားလှယ်၊ ဒုတိယဥက္ကဋ္ဌ(၂)  ဦးပြည့်စုံကလည်း နှုတ်ခွန်း ဆက်စကား ဆက်လက်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ လုပ်ငန်းအဖွဲ့အတွင်း၌ ဆွေးနွေးသဘောတူညီခဲ့သော ဒေသ ဆိုင်ရာရုံးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်အား ဆွေးနွေးအတည်ပြုခြင်း ၊ လုပ်ငန်းအဖွဲ့ အတွင်း  ဆွေးနွေးခဲ့သည့် နိုင်ငံတကာအဖွဲ့အစည်းများမှ တောင်းဆို ထားသော တရားဝင်မှု (Legal Status) ကို ရရှိရန် Technical Secretrait Center(TSC) အထောက်အကူပြု ရုံးအဖွဲ့အား NGO အဖြစ် (သို့မဟုတ်) State Process အဖြစ် မည်သို့ ဆောင်ရွက်လိုကြောင်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ Ethnic Armed Organizations(EAOs)ဘက်မှ ယခုလဧပြီ(၆) ရက်မတိုင်မီ အကြောင်း ပြန်ပေးရမည့်ကိစ္စအား ဆွေးနွေးဆုံးဖြတ်ခြင်း ၊  ယာယီတိုင်ကြားမှု ကန့်ကွက်ခြင်း လုပ်ငန်းအပေါ်  ဆွေးနွေးအတည်ပြုခြင်းများအပြင် အထွေထွေကိစ္စရပ် များ ဆွေးနွေး ခဲ့ကြကြောင်းနှင့် အစည်းအဝေးကို ဧပြီ ၂၇ ရက်တွင် အဆိုပါဟိုတယ်၌ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ(၁၈) ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အစိုးရ ကိုယ်စားလှယ်(၁၀)ဦး ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၈)ဖွဲ့မှ ကိုယ်စားလှယ် (၁၀) ဦး ၊ နှစ်ဖက်မှ အဆိုပြုသော အရပ်သားကိုယ်စားလှယ် (၆) ဦး စုစုပေါင်း (၂၆)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ၊ ဒုတိယဥက္ကဋ္ဌ (၁) စောအိုင်းဇက်ဖိုး ၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးပြည့်စုံ၊ အဖွဲ့ဝင်များအဖြစ် ဦးခင်မောင်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဗိုလ်ချုပ်အောင်စိုး ၊ ဦးမြင့်စိုး ၊ ဒေါက်တာမင်းဇော်ဦး ၊ စောနေစိုးမြ ၊ စောကျော်သန်းဌေး ၊  ခွန်အောင်မန်း ၊  ဦးဆလိုင်းယောအောင် ၊ ခိုင်မျိုးချစ် ၊ ဦးဆောင်းဟန် ၊ စောတာဒိုမူး ၊ စိုင်းလျန်း ၊ သိက္ခာတော်ရဆရာတော် စောမက်သယူးအေး ၊ ဦးကိုကိုကြီး ၊ စိုင်းမျိုးသန့် ၊ ဦးမောင်မောင်ငြိမ်း၊ သူရဦးတင်လှ၊ အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးရ် နှင့် အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ၀ဏ္ဏအောင်တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။







No comments:

Post a Comment